ဥရောပတလွှားမှာ အပူရှိန်ပြင်းထန်မှု ဆိုးဆိုးရွားရွားခံစားနေရ
- BVJ

- 2 hours ago
- 1 min read
အီးကေ/BVJ_သြဂုတ် ၁၃၊ ၂၀၂၆

ဥရောပမှာ အလွန်အမင်းပူပြင်းတဲ့အပူလှိုင်းဒဏ်ကို ဆိုးဆိုးရွားရွားခံစားနေကြရပါတယ်။ ယူကေမှာ အနောက်လန်ဒန်ရှိ ကျူးဥယျာဉ် (Kew Gardens) မှာ အင်္ဂလန်ရဲ့ အမြင့်ဆုံးအပူချိန်ကိုမှတ်တမ်းတင်နိုင်ခဲ့ပြီး ၃၈.၁ ဒီဂရီဆယ်ဆီးမက်စ်အထိရောက်ရှိလာတဲ့အတွက် အခုနှစ်အတွင်း အပူဆုံးနေ့အဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ဒီပူပြင်းမှုဟာ ဒီနှစ်အတွင်း ယူကေရဲ့ပဉ္စမမြောက်အပူလှိုင်းကျရောက်မှုဖြစ်ပြီး အခုနွေရာသီဟာ စာရင်းဇယားတွေစတင်မှတ်တမ်းတင်ကတည်းက ယူကေရဲ့ အပူဆုံးနွေရာသီဖြစ်လာဖို့ လမ်းကြောင်းပေါ်ရောက်နေပြီဖြစ်ကြောင်း မိုးလေဝသဌာနက သတိပေးထားပါတယ်။
ပြင်သစ်၊ အီတလီ၊ စပိန်နဲ့ ယူကေနိုင်ငံတွေအပါအဝင် ဥရောပတဝှမ်းကလူသန်းပေါင်းများစွာဟာ အပူရှိန်ပိုပြင်းထန်လာမှုကြောင့် အလွန်အမင်းပူပြင်းတဲ့ဒဏ်ကိုခံစားနေကြရပါတယ်။
ကြာသပတေးနေ့က ဥရောပနိုင်ငံအချို့မှာ မိုးလေဝသဌာနတွေက အပူချိန် ၃၅ ဒီဂရီဆယ်ဆီးမက်စ် (ဖာရင်ဟိုက် ၉၅ ဒီဂရီ)ကျော်လွန်ကြောင်းမှတ်တမ်းတင်ခဲ့ကြပြီး လူဦးရေ ၁၃၅ သန်းကျော်ဟာ ပိုမိုပြင်းထန်တဲ့ရာသီဥတုဒဏ်ကို ဆက်လက်ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
ယူကေမှာဆိုရင် အနောက်လန်ဒန်ရဲ့ အပူချိန်ဟာ ၃၈.၁ ဒီဂရီဆယ်ဆီးမက်စ် (ဖာရင်ဟိုက် ၁၀၀.၅ ဒီဂရီ) အထိမြင့်တက်လာခဲ့ပြီး ဇွန်လကရှိခဲ့တဲ့အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီဆယ်ဆီးမက်စ်ကိုကျော်လွန်ကာ အခုနှစ်အတွက်အပူဆုံးနေ့အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

ဥရောပဟာ ကမ္ဘာပေါ်မှာအပူချိန်အမြန်ဆုံးမြင့်တက်လာတဲ့ တိုက်ကြီးဖြစ်ပြီး အချို့နေရာတွေမှာ ပူပြင်းတဲ့ရာသီဥတုကိုကိုင်တွယ်ဖြေရှင်းဖို့အသင့်မဖြစ်သေးပါဘူး။ ဆက်တိုက်ဖြစ်ပွားနေတဲ့ အပူလှိုင်းတွေနဲ့ ရာသီဥတုခြောက်သွေ့မှုတွေကြောင့် နွေရာသီမှာတောမီးလောင်ကျွမ်းမှုတွေဖြစ်ပွားစေခဲ့ပြီး လူသောင်းနဲ့ချီသေဆုံးရတဲ့အထိဖြစ်စေခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ လူ့လုပ်ဆောင်ချက်တွေကြောင့်ဖြစ်ပေါ်လာတဲ့ ရာသီဥတုဖောက်ပြန်မှုက အခုလို ပိုမိုပြင်းထန်ပြီး မကြာခဏဖြစ်ပွားလာတဲ့ အပူလှိုင်းတွေကိုဖြစ်စေတယ်လို့ဆိုပါတယ်။
ယူကေမှာ သူနာပြုတွေနဲ့လူနာတွေဒုက္ခရောက်နေ
ယူကေနိုင်ငံမှာဆိုရင် လုံလောက်တဲ့အအေးပေးစနစ်မရှိတဲ့ဆေးရုံတွေမှာ အလုပ်လုပ်နေကြတဲ့သူနာပြုတွေဟာ အပူဒဏ်ကြောင့်မူးလဲကျကုန်ကြတယ်လို့ ဗြိတိန်တော်ဝင် သူနာပြုကောလိပ်က ကြာသပတေးနေ့မှာပြောကြားခဲ့ပါတယ်။
"ဒီမှာက အပူဒဏ်က တကယ်ကိုမခံမရပ်နိုင်အောင်ဖြစ်နေတယ်" လို့ ဆေးဝါးပညာရှင် ဘေလီ ဝီလျံဆန် (Bailey Williamson) က AFPသတင်းဌာနကိုပြောကြားခဲ့ပါတယ်။ ဆေးရုံပေါ်ကလူနာတွေလည်း အပူဒဏ်ကိုပြင်းပြင်းထန်ထန် ခံစားနေကြရတယ်လို့ NHS ဝန်ထမ်းတစ်ဦးလည်းဖြစ်တဲ့ ဝီလျံဆန်ကဆိုပါတယ်။
"အိပ်ယာပေါ်ကလူနာတွေက တကယ်ကိုမူးဝေနေကြပြီး အပူပြဿနာကြောင့် အသက်တောင် ကောင်းကောင်းမရှူနိုင်ကြဘူး။ ဒါကြောင့် အခြေအနေက တကယ်ကို ဆိုးရွားနေပါတယ်"လို့သူကပြောပါတယ်။
ဆေးရုံတွေမှာ အပူရှပ်တဲ့လူနာအရေအတွက်မြင့်တက်လာတာကို မှတ်တမ်းတင်ထားရပြီး NHSအနေနဲ့လည်း အဲ့ဒီအခြေအနေကိုမနည်းထိန်းချုပ်နေရတယ်လို့ သူကဖြည့်စွက်ပြောကြားခဲ့ပါတယ်။
"ကြောက်စရာကြီး၊ တကယ်ကြောက်စရာကောင်းတယ်" လို့ ဒီနွေရာသီရဲ့ အပူလှိုင်းတွေနဲ့ပတ်သက်ပြီး ဝီလျံဆန်က ဆိုပါတယ်။ "ဒါဟာ ရာသီဥတုဖောက်ပြန်မှု ဘယ်လောက်ဆိုးရွားလာပြီလဲဆိုတဲ့ အချက်ပြမှုအစစ်အမှန်ပဲလို့ ကျွန်တော်ထင်ပါတယ်" လို့ ပြောခဲ့ပါတယ်။

ဥရောပတဝှမ်း အပူလှိုင်းဒဏ် ခံစားနေရမှုများ
ပြင်သစ်နိုင်ငံ မီတီယို (Meteo) မိုးလေဝသဌာနက ပယ်ရီမြို့မှာ အပူချိန် ၃၈ ဒီဂရီဆယ်ဆီးမက်စ် (ဖာရင်ဟိုက် ၁၀၀.၄ ဒီဂရီ) အထိရှိတယ်လို့ မှတ်တမ်းတင်ခဲ့ပြီး နိုင်ငံအများစုမှာလည်း အပူလှိုင်းသတိပေးချက်ထုတ်ပြန်ထားပါတယ်။
အလားတူအပူချိန်တွေဟာ အီတလီနိုင်ငံသား ၂၉ သန်းအပေါ် သက်ရောက်မှုရှိမယ်လို့ ခန့်မှန်းထားပြီး အထူးသဖြင့် အနောက်ဘက်ကမ်းရိုးတန်း၊ ပိုချိုင့်ဝှမ်း (Po Valley)၊ အီတလီ ဖိနပ်ပုံစံရဲ့ဒေါက်နေရာနဲ့ ကျွန်းတွေပေါ်မှာပိုမိုဆိုးရွားနိုင်ပါတယ်။
စပိန်နိုင်ငံက လူဦးရေ ၂၅ သန်းခန့်အပါအဝင် အိုင်ဘီရီယန်းကျွန်းဆွယ်ရဲ့ ကြီးမားတဲ့ဒေသတွေမှာလည်း အလားတူသက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ စပိန်နိုင်ငံရဲ့ အီမီယက် (Aemet) မိုးလေဝသဌာနက ကြာသပတေးနေ့မှာ နိုင်ငံအလယ်ပိုင်းရဲ့ အပူချိန်ဟာ ၃၇ ဒီဂရီဆယ်ဆီးမက်စ် (ဖာရင်ဟိုက် ၉၈.၆ ဒီဂရီ) အထိမြင့်တက်ခဲ့တယ်လို့ မှတ်တမ်းတင်ခဲ့ပါတယ်။
ခရက်ဒစ် - AL Jazeera




Comments