ယူကရိန်းစစ်ပွဲရပ်တန့်ရေး အိမ်ဖြူတော်ဆွေးနွေးပွဲအပြီး နောက်ဆုံးသိရသမျှ
- BVJ

- Aug 20
- 1 min read

-ယူကရိန်းသမ္မတဇာလန်းစကီးနဲ့အတူ ဥရောပခေါင်းဆောင်တွေနဲ့ အိမ်ဖြူတော်ကတွေ့ဆုံဆွေးနွေးပွဲဟာ ကောင်းမွန်တဲ့ဆွေးနွေးမှုတစ်ခုဖြစ်ခဲ့ပြီး၊ ယူကရိန်းနိုင်ငံကို လုံခြုံရေးအာမခံချက်တွေပေးဖို့ အတွက် ဥရောပနိုင်ငံတွေနဲ့အတူ အမေရိကန်နိုင်ငံကလည်းပူးပေါင်းဆောင်ရွက်မယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောပါတယ်။
- အထက်ပါအိမ်ဖြူတော်ဆွေးနွေးပွဲအပြီးမှာ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတပူတင်ကို တိုက်ရိုက်ဖုန်းခေါ်ခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်နဲ့ပူတင်တို့ကြားဖုန်းခေါ်ဆိုမှုက မိနစ်၄၀ခန့်ကြာခဲ့ပြီး ယူကရိန်းသမ္မတဇာလန်းစကီးနဲ့တွေ့ဆုံဆွေးနွေးဖို့ ပူတင်ကိုဖိတ်ခေါ်ခဲ့ချိန်မှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပါဝင်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲပြုလုပ်ဖို့သဘောတူကြောင်း ရုရှားဘက်က အကြောင်းပြန်ခဲ့တယ်လို့ သိရပါတယ်။

- ရုရှားသမ္မတပူတင်နဲ့ ယူကရိန်းသမ္မတဇာလန်းစကီးတို့ဆွေးနွေးပွဲ နှစ်ပတ်အတွင်းပြုလုပ်ဖို့သဘောတူညီချက်ရထားပြီလို့ ပူတင်နဲ့ဖုန်းပြောအပြီးမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောတယ်လို့ ဂျာမန်ချန်ဆယ်လာမာ့စ်က အတည်ပြုပါတယ်။
- သဘောတူညီချက်အရ ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံဆွေးနွေးဖို့ သူတို့ဘက်ကအဆင်သင့်ဖြစ်နေပြီဆိုပေမယ့် ဘယ်အချိန်မှာတွေ့ဆုံမယ်ဆိုတာတော့ အတိအကျမပြောနိုင်သေးဘူးလို့ ယူကရိန်းသမ္မတ ဇာလန်းစကီးက အိမ်ဖြူတော်သတင်းစာရှင်းပွဲမှာပြောပါတယ်။

- ရုရှားသမ္မတပူတင်နဲ့ ယူကရိန်းသမ္မတဇာလန်းစကီးတို့ တွေ့ဆုံဆွေးနွေးမယ့်နေရာဟာ ကြားနေရာတစ်ခုဖြစ်သင့်ပြီး၊ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပ သင့်တယ်လို့ ပြင်သစ်သမ္မတ မန်နျူရယ် မက်ခရွန်က အဆိုပြုထားပါတယ်။ အဲ့ဒီဆွေးနွေးပွဲစားပွဲဝိုင်းမှာ ဥရောပနိုင်ငံကခေါင်းဆောင်တွေလဲအတူရှိနေသင့်တယ်လို့ မက်ခရွန်က အဆိုပြုတိုက်တွန်းထားပါတယ်။
-ပူတင်နဲ့ ဇာလန်းစကီးတို့ တွေ့ဆုံဆွေးနွေးပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပပေးဖို့ သဘောတူကြိုဆို ကြောင်း ပြင်သစ်သမ္မတ မက်ခရွန်ရဲ့အဆိုကို ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီး Ignazio Cassisက ထောက်ခံထားပါတယ်။
ဒါပေမယ့် ဆွစ်ဇာလန်ကို ရုရှားသမ္မတပူတင်လာဖို့ အခက်အခဲတွေ ရှိနေပါတယ်။
ဆွစ်ဇာလန်နိုင်ငံဟာ နိုင်ငံတကာရာဇ၀တ်ခုံရုံး (ICC) ထူထောင်ရေး ရောမသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့နိုင်ငံဖြစ်တဲ့အတွက် ICCက ဖမ်း ဝရမ်းထုတ်ထားတဲ့ပူတင်အနေနဲ့ ဆွစ်ဇာလန်မြေကို ရောက်လာရင် ဖမ်းခံနိုင်ရတဲ့အခြေအနေတွေရှိနေပါတယ်။
ဒါပေမယ့် ဒီကိစ္စကို ဆွစ်ဇာလန်အစိုးရရဲ့အထူးလုပ်ပိုင်ခွင့်နဲ ကုလသမဂ္ဂရဲ့ဥရောပရုံးချုပ်အနေအထားကိုအသုံးချပြီး ဆွေးနွေးပွဲအောင်မြင်အောင်ပြုလုပ်သွားနိုင်ကြောင်း ဆွစ်နိုင်ငံခြားရေးဝန်ကြီးက အတည်ပြုပါတယ်။
- ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆားဂေးလာဗရော့ဗ်ကတော့ ရုရှားနဲ့ယူကရိန်းခေါင်းဆောင်ကြားတွေ့ဆုံဆွေးနွေးပွဲကို သေသေချာချာပြင်ဆင်ပြုလုပ်ဖို့လိုမှာဖြစ်ပြီး၊ မီဒီယာထုတ်ပြန်မှုတွေကို သေသေချာချာ ကန့်သတ်ဖို့လိုတယ်လို့ ပြောပါတယ်။
-ယူကရိန်းနဲ့ ရုရှားငြိမ်းချမ်းရေးသဘောတူညီချက်ရပြီးသွားရင် ယူကရိန်းနိုင်ငံလုံခြုံရေးလက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ အမေရိကန်စစ်တပ်စေလွှတ်မှာမဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ် နယ်ထရမ့်ကပြောပါတယ်။







Comments