လက်ယာအစွန်းရောက်ဆန္ဒပြသမားတွေရဲ့ အကြမ်းဖက်လုပ်ရပ် ယူကေဝန်ကြီးချုပ် ကန့်ကွက်ရှုံ့ချ
- BVJ

- Sep 15
- 1 min read
အေတီ/BVJ_ စက်တင်ဘာ ၁၅၊ ၂၀၂၅

စနေ့နေ့က ယူကေနိုင်ငံ လန်ဒန်မြို့မှာဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲမှာ ယူကေနိုင်ငံတော်အလံကို အကာအကွယ်ယူအသုံးချခဲ့တဲ့ လက်ယာအစွန်းရောက်ဆန္ဒပြသမားတွေရဲ့လုပ်ရပ်ကို ယူကေဝန်ကြီးချုပ် ကီယာစတမ်မာက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံ့ချလိုက်ပါတယ်။
"ကျွန်တော်တို့နိုင်ငံရဲ့အလံဟာ မတူကွဲပြားမှုတွေ စုစည်းထားတဲ့နိုင်ငံကို ကိုယ်စားပြုထားတဲ့အလံပါ။ဒီလိုအလံကိုအကာအကာကွယ်ယူပြီး အကြမ်းဖက်မှုတွေ၊ အကြောက်တရားတွေဖန်တီးပြီး ခွဲခြားမှုတွေပြုလုပ်နေတဲ့သူတွေကို လုံးဝလက်သင့်မခံနိုင်ပါဘူး။ဘယ်တော့မှလဲ လက်လျှော့အရှုံးပေးမှာမဟုတ်ပါဘူး"
လူတစ်သိန်းကျော်ပူးပေါင်းပါဝင်ခဲ့ပြီး လက်ယာအစွန်းရောက် တွမ်မီရော်ဘင်ဆင်ဦးဆောင်ခဲ့တဲ့ စနေနေ့ကဆန္ဒပြပွဲမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးနောက် ယူကေဝန်ကြီးချုပ်ကီယာစတမ်မာက ကြောညာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။

ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့နဲ့ဆန္ဒပြသူတွေကြားရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ ၂၅ဦး ဖမ်းဆီးခံရသလို၊ ရဲတပ်ဖွဲ့ဝင် ၂၆ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၄ ဦးရဲ့အခြေအနေက စိုးရိမ်ရတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
ဆန္ဒပြပွဲကို ခန့်မှန်းခြေလူတစ်သိန်းခွဲနီးပါး ပူးပေါင်းပါဝင်ခဲ့တဲ့အတွက် ယူကေအစိုးရရုံးတွေနဲ့လွှတ်တော်ရှိတဲ့နေရာတဝိုက်က လမ်းမတွေပေါ်မှာ ဆန္ဒပြသမားတွေနဲ့ပြည့်ကျပ်သွားပါတယ်။လူမျိုးရေး ဘာသာရေးခွဲခြားမှုတွေကိုလက်မခံတဲ့ တန်ပြန်ဆန္ဒပြပွဲလုပ်နေတဲ့ Stand Up To Racismအဖွဲ့နဲ့ တော်မီရော်ဘင်ဆင်ဦးဆောင်တဲ့ လူမျိုးရေး ဘာသာရေးခွဲခြားတဲ့ လက်ယာအစွန်းအဖွဲ့တွေထိပ်တိုက်တွေ့ခဲ့ကြတာကို ရဲတပ်ဖွဲ့က ခက်ခက်ခဲခဲတားဆီးဖြေရှင်းခဲ့ရပါတယ်။ အကြမ်းဖက်တာတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တဲ့ကိစ္စလုံးဝလက်သင့်မခံနိုင်ဘူးလို့ လန်ဒန်မြို့တော်ဝန်ဆာဒစ်ခန်းကလည်း ပြောထားပါတယ်။
ရွှေ့ပြောင်းအခြေချမှုကိုဆန့်ကျင်တဲ့ လက်ယာအစွန်းရောက်တော်မီရော်ဘင်ဆင်ဦးဆောင်တဲ့ ဆန္ဒပြတဲ့သူတွေဟာ ယူကေနိုင်ငံတော်အလံနဲ့ စိန့်ဂျော့ချ်အလံကိုကိုင်ဆောင်ပြီး လူမျိုးရေးဘာသာရေးခွဲခြားတဲ့ကြွေးကြော်သံတွေနဲ့အတူ ဝန်ကြီးချုပ်ရုံးနဲ့အစိုးရရုံးတွေရှိတဲ့ ဝှိုက်ဟောရပ်ကွက်တဝိုက်ကို ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

တော်မီရော်ဘင်ဆင်ဦးဆောင်တဲ့ဆန္ဒပြပွဲကို ကမ္ဘာ့ချမ်းသာဆုံးသူဌေးကြီး အီလွန်မက်စ်လည်း အွန်လိုင်းဗီဒီယိုလင့်ကတဆင့် ပူးပေါင်းပါဝင်ခဲ့ပါတယ်။
သူပြောတဲ့မိန့်ခွန်းထဲမှာ "ပါလီမန်ကို ဖျက်သိမ်းဖို့"နဲ့ယူကေမှာ"အစိုးရအပြောင်းအလဲ" လုပ်ဖို့လိုအပ်နေပြီလို့ပြောခဲ့တာကြောင့် ဝေဖန်ကန့်ကွက်မှုတွေရှိခဲ့ပါတယ်။ယူကေကုန်သွယ်ရေးနဲ့ စီးပွားရေးဝန်ကြီး ပီတာကယ်လီကလည်း ဒီလိုပြောတဲ့ကိစ္စကို နားမလည်နိုင်သလို လက်သင့်လည်းမခံနိုင်ဘူးလို့ ပြောဆိုကန့်ကွက်ခဲ့ပါတယ်။
စနေနေ့ဆန္ဒပြပွဲကိုဦးဆောင်တဲ့ ရွေ့ပြောင်းအခြေချမှုဆန့်ကျင့်ရေး အင်္ဂလိပ်ကာကွယ်ရေးအဖွဲ့ချုပ် (EDL)အဖွဲ့တည်ထောင်သူ တော်မီရော်ဘင်ဆန်ဟာ အခုနှစ်အစောပိုင်းကမှ အကျဉ်းထောင်က လွတ်မြောက်လာတဲ့သူတစ်ဦးဖြစ်ပါတယ်။ဆီးရီးယားဒုက္ခသည်တစ်ဦးနဲ့ပတ်သက်ပြီး တရားရုံးကိုမထင်မဲ့မြင်မှုလုပ်ခဲ့တာကြောင့် ထောင် ၁၈လကျခဲ့ပြီး ဗဟိုတရားရုံးကပြစ်ဒဏ်လျော့ပေးလိုက်တဲ့အတွက် လျော့ရက်နဲ့ပြန်လွတ်လာတဲ့သူဖြစ်ပါတယ်။







Comments