TikTokတရားစွဲခံထားရတဲ့အမှု အမေရိကန်ဒေါ်သန်း ၄၀၀ လျော်ကြေးပေးဖို့သဘောတူ
- BVJ

- 7 hours ago
- 1 min read
သူရ/BVJ_ သြဂုတ် ၂၃၊ ၂၀၂၆

ကလေးသူငယ်ကိုယ်ရေးလုံခြုံရေးဥပဒေတွေ ချိုးဖောက်ဖျက်မှုစွပ်စွဲချက်နဲ့ တရားစွဲခံထားရတဲ့ TikTok ဟာ အမေရိကန်တရားရေးဝန်ကြီးဌာနကို ဒေါ်လာ သန်း ၄၀၀ လျော်ကြေးပေးဖို့ အမေရိကန် တရားရေး ဝန်ကြီးဌာနနဲ့ညှိနှိုင်းသဘောတူလိုက်ပြီလို့ သိရပါတယ်။
TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance နဲ့ ဆက်စပ်ကုမ္ပဏီတွေဟာ ကလေးသူငယ်တွေရဲ့ အွန်လိုင်းကိုယ်ရေးအချက်အလက် ကာကွယ်ရေးဥပဒေ (COPPA)ကိုလိုက်နာဖို့ပျက်ကွက်ခဲ့တယ်ဆိုပြီး တရားရေးဝန်ကြီးဌာနက သောကြာနေ့မှာ အခုလိုသဘောတူညီချက်ရယူခဲ့တာဖြစ်ပါတယ်။
ဒီဥပဒေအရ ကလေးတွေကိုဦးတည်တဲ့ဝန်ဆောင်မှုတွေအနေနဲ့ အသက် ၁၃ နှစ်အောက် အသုံးပြုသူတွေဆီက ကိုယ်ရေးအချက်အလက်တွေ မကောက်ယူခင် မိဘတွေဆီကနေ ခွင့်ပြုချက်အရင်တောင်းခံဖို့ လိုအပ်ပါတယ်။ တရားရေးဝန်ကြီးဌာနက TikTok နဲ့ ByteDance တို့ကို ၂၀၂၄ ခုနှစ်မှာ တရားစွဲဆိုခဲ့တာပါ။
တရားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ TikTok ဟာ ကလေးတွေကိုပုံမှန်အကောင့်တွေဖွင့်ခွင့်ပေးခဲ့ပြီး၊ အဲဒီနောက် ပုံမှန် TikTok ပလက်ဖောင်းပေါ်မှာ လူကြီးတွေအပါအဝင် အခြားသူတွေနဲ့ ဗီဒီယိုတိုတွေ၊ စာတိုတွေကို ဖန်တီးမျှဝေတာတွေ လုပ်ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလိုလုပ်တဲ့နေရာမှာ TikTokဟာ ကလေးတွေရဲ့မိဘတွေဆီကခွင့်ပြုချက်မယူဘဲ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကောက်ယူခဲ့တာဖြစ်ပါတယ်။
ဒီသဘောတူညီချက်အရ TikTok ဟာ တရားရေးဝန်ကြီးဌာနကို ချက်ချင်း ဒေါ်လာ သန်း ၃၀၀ ပေးချေရမှာဖြစ်ပြီး၊ TikTok ရဲ့ ရှေ့ပြေးဖြစ်တဲ့ Musical.ly နဲ့အရင်ကပြုလုပ်ခဲ့တဲ့ သဘောတူညီချက်ကို တရားရုံးကပယ်ဖျက်ပေးလိုက်တဲ့အခါ ကျန်တဲ့ဒေါ်လာ သန်း ၁၀၀ ကိုပါထပ်မံပေးချေရမှာဖြစ်ပါတယ်။
"ဒီသဘောတူညီချက်ကတော့ အမေရိကန်ကလေးငယ်တွေနဲ့ မိဘတွေအတွက် အောင်ပွဲကြီးတစ်ခုပါပဲ" လို့ တွဲဖက်ရှေ့နေချုပ် Stanley E Woodward Jr က သတင်းထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။
"အွန်လိုင်းမှာ ကလေးတွေအကာအကွယ်ရရှိဖို့နဲ့ သူတို့ရဲ့ကိုယ်ရေးအချက်အလက်တွေကိုယုံကြည်အပ်နှံထားတဲ့ ကုမ္ပဏီတွေအနေနဲ့ ဥပဒေအရ တာဝန်ဝတ္တရားတွေကို တိတိကျကျ လိုက်နာဖို့ဆိုတာ တရားရေးဝန်ကြီးဌာနရဲ့ ဦးစားပေးပါပဲ။ ဒီအဖြေရှာမှုက မိသားစုတွေမျှော်လင့်ပြီး ရထိုက်တဲ့ အကာအကွယ်တွေကို ပိုမိုခိုင်မာစေတဲ့အပြင် ထိုက်တန်တဲ့ ပြန်လည်ရရှိမှုတွေကိုလည်း ဖန်တီးပေးနိုင်ပါတယ်" လို့ သူက ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အသုံးပြုသူ သန်း ၂၀၀ ကျော်ရှိတဲ့ TikTok App ကို တားမြစ်ပိတ်ပင် ခံရမယ့်အရေးကနေ ရှောင်ရှားနိုင်ဖို့နဲ့ ပြည်တွင်းဒေတာလုံခြုံရေးကို အာမခံချက်ပေးနိုင်ဖို့အတွက် အမေရိကန်ပိုင်ဆိုင်မှု အများစုပါဝင်တဲ့ ဖက်စပ်လုပ်ငန်းတစ်ခု ထူထောင်ဖို့ ByteDance က ဇန်နဝါရီလမှာ သဘောတူညီခဲ့ပါတယ်။
TikTok ကို တရားစွဲဆိုခဲ့ပြီးနောက်ပိုင်းမှာ ကုမ္ပဏီအနေနဲ့ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေလုပ် ခဲ့ပြီး ကလေးသူငယ်တွေရဲ့ ကိုယ်ရေးလုံခြုံရေးကို ကာကွယ်ဖို့ လုံခြုံရေးအစီအမံတွေကိုပါ ပိုမိုတင်းကျပ်လာခဲ့တယ်လို့ တရားရေးဝန်ကြီးဌာနက ပြောပါတယ်။
တရားရေးဝန်ကြီးဌာန ရာဇဝတ်မှုဆိုင်ရာဌာနခွဲက လက်ထောက်ရှေ့နေချုပ် Brett Shumate ကလည်း "ဒီညှိနှိုင်းအဖြေရှာမှုက သိသာတဲ့ တိုးတက်မှုတွေကို ပြသနေပြီး၊ ငွေကြေးအရလည်း ထိုက်ထိုက်တန်တန် ရရှိစေခဲ့ကာ ဒီကိစ္စကို အောင်မြင်စွာနဲ့ အဆုံးသတ်နိုင်ခဲ့ပါပြီ" လို့ ပြောကြားခဲ့ပါတယ်။
ခရက်ဒစ်- AL Jazeera




Comments