top of page

ပါလက်စတိုင်းနယ်မြေကိစ္စ နိုင်ငံတကာဥပဒေအတိုင်းပူးပေါင်းဆောင်ရွက်ပြီး အစ္စရေးကိုဖိအားပေးဖို့ သံအမတ်ဟောင်းတွေတိုက်တွန်း

  • Writer: BVJ
    BVJ
  • Aug 24
  • 2 min read

အေတီ/BVJ_သြဂုတ် ၂၃၊ ၂၀၂၆

၂၀၂၆၊ဖေဖော်ဝါရီလအတွင်းက ရိုက်ကူးထားတဲ့ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသက မာလီ အဒူမင် (Maale Adumim) အစ္စရေးအခြေချနယ်မြေနဲ့ ဂျေရုဆလမ်အရှေ့ပိုင်းက အီးဝမ် (E1) စီမံကိန်းလို့ခေါ်ဆိုတဲ့ နေရာအနီးတစ်ဝိုက်ရဲ့ မှတ်တမ်းဓာတ်ပုံ
၂၀၂၆၊ဖေဖော်ဝါရီလအတွင်းက ရိုက်ကူးထားတဲ့ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသက မာလီ အဒူမင် (Maale Adumim) အစ္စရေးအခြေချနယ်မြေနဲ့ ဂျေရုဆလမ်အရှေ့ပိုင်းက အီးဝမ် (E1) စီမံကိန်းလို့ခေါ်ဆိုတဲ့ နေရာအနီးတစ်ဝိုက်ရဲ့ မှတ်တမ်းဓာတ်ပုံ

ပြင်သစ်နဲ့ယူကေနိုင်ငံကသံတမန်ဟောင်း ဒါဇင်နဲ့ချီပြီးတော့ ပါလက်စတိုင်းနယ်မြေတွေမှာ နိုင်ငံတကာဥပဒေကို အခြေခံပြီး ပူးပေါင်းကာကွယ်ပေးဖို့ သက်ဆိုင်ရာ သူတို့ရဲ့အစိုးရတွေကို စနေနေ့က စာထုတ်ပြီး တိုက်တွန်းလိုက်ပါတယ်။ အစ္စရေးအနေနဲ့ ပါလက်စတိုင်းနိုင်ငံ တစ်နိုင်ငံ ပေါ်ပေါက်လာနိုင်ခြေမှန်သမျှကို "ဖျက်ဆီးပစ်ဖို့" နည်းမျိုးစုံနဲ့ ကြိုးပမ်းနေတယ်လို့လည်း သူတို့က စွပ်စွဲလိုက်ပါတယ်။


Le Monde သတင်းစာမှာ ဖော်ပြချက်အရ ဒီစာကို လက်မှတ်ရေးထိုးသူ ၁၀၂ ဦးထဲမှာ ကုလသမဂ္ဂဆိုင်ရာ ယူကေသံအမတ်ဟောင်းတွေဖြစ်တဲ့ ဂျရယ်မီ ဂရင်းစတော့ခ် (Jeremy Greenstock) နဲ့ အီမီယာ ဂျုံးစ် ပါရီ (Emyr Jones Parry) တို့အပြင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ ညွှန်ကြားရေးမှူးဟောင်းတွေဖြစ်တဲ့ အီဗ် အော်ဘင် ဒီ လာ မက်ဆူဇီယာ (Yves Aubin de la Messuziere) နဲ့ ဒဲနစ် ဘောက်ချတ် (Denis Bauchard) တို့လည်း ပါဝင်ပါတယ်။


အရှေ့အလယ်ပိုင်းမှာ ဒီနိုင်ငံကြီးနှစ်နိုင်ငံရဲ့ သမိုင်းကြောင်းအရ အခန်းကဏ္ဍတွေ ရှိနေတာရယ်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်တဲ့ ဒီနိုင်ငံနှစ်နိုင်ငံစလုံးက ၂၀၂၅ ခုနှစ်မှာ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုခဲ့ကြတာတွေကြောင့် ပြင်သစ်နဲ့ ယူကေနိုင်ငံအနေနဲ့ အခုလို ပါဝင်ပတ်သက်ဖို့ အလွန်အရေးကြီးတယ်လို့ သူတို့က ဆိုပါတယ်။


"စစ်ရာဇဝတ်နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို အပြစ်ပေး အရေးယူရမယ်ဆိုတာကို ကျွန်တော်တို့နိုင်ငံတွေက ယုံကြည်ကြပါတယ်။ အဲဒီလိုမှ မလုပ်ရင် ကျွန်တော်တို့အစိုးရတွေအနေနဲ့ နှစ်ခါသုံးခါ စံနှုန်းထားတယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းပယ်လို့ မရနိုင်ပါဘူး။ ဒါကြောင့်လည်း ပါလက်စတိုင်းမှာ နိုင်ငံတကာဥပဒေကို ကာကွယ်ဖို့ သူတို့တွေ အတူတကွ လက်တွဲလှုပ်ရှားကြရမှာပါ" လို့ အဲဒီစာမှာ ဖော်ပြထားပါတယ်။

အစ္စရေးနိုင်ငံအနေနဲ့ ဂျေရုဆလမ်အရှေ့ပိုင်းအနီးမှာ ဂျူးလူမျိုးတွေ နယ်မြေလာရောက် အခြေချနိုင်ဖို့ မြေနေရာတွေကို တိုးပြီးဖွင့်လှစ်ပေးဖို့ အဆိုပြုထားတဲ့ အနောက်ဘက်ကမ်းဒေသက အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုတွေ တစထက်တစ ကြီးထွားလာနေပါတယ်။
အစ္စရေးနိုင်ငံအနေနဲ့ ဂျေရုဆလမ်အရှေ့ပိုင်းအနီးမှာ ဂျူးလူမျိုးတွေ နယ်မြေလာရောက် အခြေချနိုင်ဖို့ မြေနေရာတွေကို တိုးပြီးဖွင့်လှစ်ပေးဖို့ အဆိုပြုထားတဲ့ အနောက်ဘက်ကမ်းဒေသက အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုတွေ တစထက်တစ ကြီးထွားလာနေပါတယ်။

အစ္စရေးဟာ ဥပဒေကို အလေးမထားဘဲ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အများအပြားကိုပါ အထီအမြင်သေးပြနေပြီး "လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ဖြစ်လာနိုင်ခြေမှန်သမျှကို ဖျက်ဆီးပစ်ဖို့" ကြိုးစားနေတယ်လို့လည်း စွပ်စွဲထားပါတယ်။

ဟားမာ့စ်စစ်သွေးကြွအုပ်စုက ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့မှာ အစ္စရေးကို တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးက ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြောင်ဒေသကို စစ်ရေးအရ စတင်ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

၁၉၆၇ ခုနှစ်ကတည်းက အစ္စရေးရဲ့ သိမ်းပိုက်မှုကို ခံထားရတဲ့ အနောက်ဘက်ကမ်းဒေသမှာလည်း ဂါဇာစစ်ပွဲ စတင်ကတည်းက အကြမ်းဖက်မှုတွေ ပိုဆိုးလာခဲ့ပြီး အစ္စရေးတပ်ဖွဲ့တွေနဲ့ နယ်မြေလာရောက် အခြေချနေထိုင်သူတွေရဲ့ လုပ်ရပ်အပေါ် နိုင်ငံတကာက စိုးရိမ်ပူပန်နေကြပါတယ်။


ဒါ့အပြင် သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသရဲ့ မဟာဗျူဟာကျတဲ့ နေရာတစ်ခုမှာ အခြေချအိမ်ရာပေါင်း ၁,၂၀၀ လောက် ဆောက်လုပ်ဖို့အတွက် တင်ဒါခေါ်ယူဖို့ အစ္စရေးရဲ့ အစီအစဉ်တွေကလည်း အဓိက အနောက်နိုင်ငံကြီးတွေရဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချမှုကို ထပ်မံရင်ဆိုင်နေရပါတယ်။


ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ကနေဒါနိုင်ငံတို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဒီဆုံးဖြတ်ချက်ဟာ "လက်ခံနိုင်စရာ မရှိဘူး" လို့ ပြောဆိုခဲ့ကြသလို အဲဒီအစီအစဉ်တွေကို "ချက်ချင်း ရုပ်သိမ်းဖို့" လည်း အစ္စရေးကို တိုက်တွန်းခဲ့ပါတယ်။


နိုင်ငံတကာဥပဒေအရ အခြေချနယ်မြေအားလုံးဟာ တရားမဝင်ပါဘူး။ ဒါကြောင့် ဂျေရုဆလမ်မြို့ရဲ့ အရှေ့ဘက် E1 ဒေသမှာ ဆောက်လုပ်မယ့် အစီအစဉ်တွေကို နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကြောင့် အစ္စရေးက ဒါဇင်နဲ့ချီတဲ့ နှစ်တွေအထိ ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။


ဒီလို ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်လာတာဟာ အနောက်ဘက်ကမ်းကို နှစ်ခြမ်းကွဲသွားစေပြီး အရှေ့ဂျေရုဆလမ်ကိုလည်း အထီးကျန်ဖြစ်သွားစေမှာဖြစ်လို့ နှစ်နိုင်ငံ ဖြေရှင်းရေး အစီအစဉ်ရဲ့ မျှော်လင့်ချက်တွေကို အပြင်းအထန် ထိခိုက်စေလိမ့်မယ်လို့ မဟာမိတ်နိုင်ငံအများစုနဲ့ ပါလက်စတိုင်းတွေက ထောက်ပြပြောဆိုနေကြပါတယ်။


အိမ်တွေဖြိုဖျက်တာတွေနဲ့ ပူးပေါင်းကြံစည်နေတဲ့ အစ္စရေးစစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ရဲ့ အားပေးမှုကြောင့် အနောက်ဘက်ကမ်းနဲ့ အရှေ့ဂျေရုဆလမ်တို့မှာ "နယ်မြေလာရောက် အခြေချနေထိုင်သူတွေရဲ့ အကြမ်းဖက်မှုတွေ ကြီးထွားလာတာ" တွေဟာ "လူမျိုးစု သန့်စင်ရှင်းလင်းရေး" ဆန်နေတယ်လို့ အဲဒီစာက ဆိုပါတယ်။

"ကမ္ဘာကြီးက အစ္စရေးကို အခုတော့ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံလို့ မမြင်တော့ပါဘူး။ တခြားသူတွေရဲ့ အခွင့်အရေးနဲ့ နယ်မြေတွေကို ဖယ်ရှားသိမ်းပိုက်နေတာမှာ ဒီမိုကရေစီဆန်မှု ဘာမှကို မရှိပါဘူး" လို့ အဲဒီစာက နိဂုံးချုပ် ဖော်ပြထားပါတယ်။

ခရက်ဒစ် - Bangkok post



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page