ဒါရိုက်တာ မင်းထင်ကိုကိုကြီးစျာပန ရေဝေးမှာအကျဥ်းချုံးကျင်းပ
- BVJ

- 12 hours ago
- 1 min read
BVJ_ဇွန် ၂၊ ၂၀၂၆

ကျန်ရစ်သူမိသားစုရဲ့ဆန္ဒအရ ဒါရိုက်တာ မင်းထင်ကိုကိုကြီးရဲ့စျာပနကို ရန်ကုန်၊ရေဝေးသုသာန်မှာပဲ ဒီနေ့နေ့လယ် ၁၂နာရီလောက်က အကျဥ်းချုံးကျင်းပခဲ့ပါတယ်။ တိတ်တဆိတ်ကျင်းပခဲ့တဲ့စျာပနကို သူ့မိသားစုနဲ့အတူ သူ့မိတ်ဆွေကဗျာဆရာအနည်းငယ်ကနှုတ်ဆက်ပို့ဆောင်ခဲ့ကြပါတယ်။
ကဗျာဆရာ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ ဇွန်လ ၂ ရက်၊ ဒီကနေ့မနက် ၇နာရီဝန်းကျင်အချိန်မှာကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၆၄ နှစ်ရှိနေပြီဖြစ်ပါတယ်။
ဒါရိုက်တာမင်းထင်ကိုကိုကြီးဟာ အသည်းရောဂါရေရှည်ခံစားနေရသူဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်ကျော်က မှတ်တမ်းရုပ်ရှင်တွေစတင်ရိုက်ကူးခဲ့ပြီး ထိုင်းနိုင်ငံမှာပြောင်းရွှေ့အခြေချတဲ့ ပဒေါင်လူမျိုးတွေအကြောင်းရိုက်ကူးထားတဲ့ မနုဿလှောင်ချိုင့် “Human Zoo” ၊ အင်းလေးဒေသ ဂေဟစနစ်ပျက်စီးမှုအကြောင်းပုံဖော်ထားတဲ့ အင်းသီး “The Floating Tomatoes”မှတ်တမ်းရုပ်ရှင်တို့ဟာ အောင်မြင်မှုရခဲ့ပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးရေးမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။

မင်းထင်ကိုကိုကြီးဟာ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး စစ်တပ်ကိုလူမှုကွန်ရက်ပေါ်ကတဆင့် ဝေဖန်ရေးသားခဲ့လို့ ၂၀၁၉ ခုနှစ်က ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ်တစ်နှစ်ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းတဲ့မနက်အစောပိုင်းမှာပဲ ဖမ်းဆီးခံခဲ့ရသူဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်မှာပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။
ဓါတ်ပုံခရက်ဒစ် - သစ္စာနီ




Comments