ဝင်ဆာရဲတိုက်ကြီးမှာ တော်ဝင်အခမ်းအနားနဲ့ကြိုဆိုခံနေရတဲ့ထရမ့်ကို လက်မခံတဲ့သူတွေကလန်ဒန်မှာ ဆန္ဒပြ
- BVJ
- Sep 19
- 1 min read
အေတီ

နိုင်ငံတော်အဆင့်ခရီးစဥ်အဖြစ် ယူကေမှာရောက်ရှိနေတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ယူကေတော်ဝင်မိသားစုရဲ့ဖိတ်ခေါ်မှုနဲ့ ဝင်ဆာရဲတိုက်ကြီးမှာ ဒီနေ့ သွားရောက်လည်ပတ်နေပါတယ်။ဝင်ဆာရဲတိုက်ဝင်းထဲကိုရဟတ်ယာဥ်နဲ့ရောက်လာတဲ့ ဒေါ်နယ်ထရမ့်နဲ့ သူ့ဇနီးသည်မယ်လီနီယာထရမ့်တို့ကို တော်ဝင်မိသားစုက ကော်ဇောနီခင်းပြီးတော်ဝင်အခမ်းအနားနဲ့ကြိုဆိုခဲ့ပါတယ်။
တချိန်ထဲမှာပဲ ဒေါ်ထရမ့်ရဲ့ယူကေခရီးစဥ်ကို မထောက်ခံမကြိုဆိုတဲ့သူတွေကလည်း လန်ဒန်မြို့ထဲမှာ ဆန္ဒပြနေကြပါတယ်။ ထရမ့်ခရီးစဥ်ကို မထောက်ခံတဲ့အဖွဲ့ ၅၀ကျော်ပူးပေါင်းပြီး TRUMP NOT WELCOME ဆန္ဒပြပွဲကို လန်ဒန်မြို့လယ်မှာ ကျင်းပနေတာဖြစ်ပါတယ်။ ထရမ့်ကိုဆန္ဒပြတဲ့အဖွဲ့တွေထဲမှာ အမ်နက်စတီအင်တာနေရှင်နယ်အဖွဲ့နဲ့ ဂရင်းပိစ်တို့အဖွဲ့တွေလည်းပါပါတယ်။

ကလေးမုဒိန်းမှုနဲ့အဖမ်းခံရပြီး ထောင်ထဲမှာကိုယ့်ကိုကိုယ်သတ်သေသွားတဲ့ ဂျက်ဖရီအက်စတိန်းနဲ့ ဒေါ်နယ်ထရမ့်တို့တွဲရိုက်ထားတဲ့ပုံကိုလည်း ဒီနေ့ ဒေါ်နယ်ထရမ့်ရောက်နေတဲ့ ဝင်ဆာရဲတိုက်အဆောက်အဦးရဲ့ နံရံမှာ ဆန္ဒပြတဲ့သူတွေက မနေ့ညကပရိုဂျက်တာနဲ့ထိုးပြခဲ့ကြပါတယ်။ အဲ့ဒီကိစ္စမှာပါဝင်ပတ်သက်တဲ့ သူလေးဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ယူကေရဲတပ်ဖွဲ့က ပြောပါတယ်။
အမေရိကန်သမ္မဒေါ်နယ်ထရမ့်ဟာ ယူကေနိုင်ငံကို ဒုတိယအကြိမ်နိုင်ငံတော်အဆင့်ခရီးစဥ်အဖြစ်ရောက်ရှိနေပြီး မနက်ဖြန်ကျရင်ယူကေဝန်ကြီးချုပ်ကီယာစတမ်မာနဲ့တွေ့ဖို့ စီစဥ်ထားပါတယ်။
Comments