top of page

ဝန်ကြီးချုပ်အန်ဒီ ဘန်ဟမ် ယူကေအစိုးရအဖွဲ့သစ် စတင်ဖွဲ့စည်း

  • Writer: BVJ
    BVJ
  • 1 day ago
  • 1 min read

အေတီ/BVJ_ ဇူလိုင် ၂၁၊ ၂၀၂၆

ယူကေဝန်ကြီးချုပ်သစ် အန်ဒီ ဘန်ဟမ်
ယူကေဝန်ကြီးချုပ်သစ် အန်ဒီ ဘန်ဟမ်

ယူကေဝန်ကြီးချုပ်သစ် အန်ဒီ ဘန်ဟမ် (Andy Burnham)ဟာ သူ့ရဲ့ အစိုးရအဖွဲ့သစ်ကိုစတင်ဖွဲ့စည်းလိုက်ပြီဖြစ်ပါတယ်။ အဓိကကျတဲ့ဝန်ကြီးဌာနတွေမှာ ခန့်အပ်လိုက်တဲ့သူတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။


• ဘဏ္ဍာရေးဝန်ကြီး (Chancellor): ဂျွန် ဟီးလီ (John Healey)

 ဘဏ္ဍာရေးဝန်ကြီး ဂျွန် ဟီးလီ (John Healey)
 ဘဏ္ဍာရေးဝန်ကြီး ဂျွန် ဟီးလီ (John Healey)

သူဟာ ရေချယ် ရီးဗ်စ် (Rachel Reeves)ရဲ့နေရာမှာ အစားထိုးဝင်ရောက်လာတာပါ။ ၂၀၂၄ ခုနှစ်၊ဇူလိုင်လကနေ ဒီနှစ်ဇွန်လအထိ ကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့ပါတယ်။ စစ်ရေးဘတ်ဂျက်သုံးစွဲမှုနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေကြောင့် ကီယာ စတာမာရဲ့အစိုးရအဖွဲ့ကနေနုတ်ထွက်ခဲ့သူဖြစ်ပါတယ်။သူက ဝန်ကြီးချုပ်နဲ့အတူ စီးပွားရေးဆိုင်ရာစည်းမျဉ်းတွေကို တိတိကျကျ လိုက်နာဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။


လက်ရှိမှာတော့ Rawmarsh နဲ့ Conisbrough မဲဆန္ဒနယ်ရဲ့လွှတ်တော်အမတ်ဖြစ်ပြီး၊ ၁၉၉၇ ခုနှစ်ကတည်းက လွှတ်တော်အမတ်အဖြစ်စတင်ရွေးကောက်ခံခဲ့ရတာကြောင့် နိုင်ငံရေးအတွေ့အကြုံအလွန်ရင့်ကျက်သူဖြစ်ပါတယ်။


၁၉၉၉ ခုနှစ်ကနေ ၂၀၀၁ခုနှစ်အထိ ဘဏ္ဍာရေးဝန်ကြီး ဂေါ်ဒွန် ဘရောက် (Gordon Brown)ရဲ့ ပါလီမန်ဆိုင်ရာအတွင်းဝန် (Parliamentary Private Secretary)အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။


• နိုင်ငံခြားရေးဝန်ကြီး (Foreign Secretary): အက်ဒ် မီလီဘန်း (Ed Miliband)

အက်ဒ် မီလီဘန်း
အက်ဒ် မီလီဘန်း

နိုင်ငံခြားရေးဝန်ကြီးအဖြစ်ခန့်အပ်ခံရသူ အက်ဒ် မီလီဘန်း (Ed Miliband)ဟာ ဝန်ကြီးချုပ်သစ် အန်ဒီဘန်ဟမ်ရဲ့အစိုးရအဖွဲ့မှာ ဘဏ္ဍာရေးဝန်ကြီးဖြစ်လာနိုင်တယ်လို့ ရေပန်းစားခဲ့သူလည်းဖြစ်ပါတယ်။သူဟာ အရင် ကီယာ စတာမာ အစိုးရအဖွဲ့တုန်းက စွမ်းအင်ဝန်ကြီးအဖြစ်တာဝန်ယူခဲ့သူပါ။


လေဘာပါတီ ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ မီလီဘန်းဟာ ၂၀၀၅ ခုနှစ်ကတည်းကDoncaster North မဲဆန္ဒနယ်ရဲ့လွှတ်တော်အမတ်အဖြစ် အနှစ် ၂၀ ကျော်တာဝန်ထမ်းဆောင်လာခဲ့တာဖြစ်ပြီး၊ တိုနီ ဘလဲနဲ့ဂေါ်ဒွန် ဘရောက် အစိုးရအဖွဲ့တွေမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။


ပြီးခဲ့တဲ့လက ကီယာ စတာမာ ရာထူးကနေနုတ်ထွက်ကြောင်းကြေညာခဲ့ပြီးတဲ့နောက်မှာတော့ မီလီဘန်းက "ကျွန်တော်တို့ လေဘာပါတီအနေနဲ့ ရဲရင့်ပြီး ယုံကြည်စိတ်ချရတဲ့အပြောင်းအလဲတွေကို ပြည်သူတွေဆီရောက်ရှိအောင် အရှိန်အဟုန်မြှင့်ကြိုးပမ်းသွားကြရမယ်" လို့ ပြောကြားခဲ့ပါတယ်။


•ပြည်ထဲရေးဝန်ကြီး (Home Secretary): ရှာဘာနာ မာမွတ် (Shabana Mahmood)

ပြည်ထဲရေးဝန်ကြီး ရှာဘာနာ မာမွတ်
ပြည်ထဲရေးဝန်ကြီး ရှာဘာနာ မာမွတ်

ကီယာစတာမာရဲ့အစိုးရအဖွဲ့ထဲက ရာထူးအတိုင်းဆက်လက်တာဝန်ယူမှာပါ။


၂၀၁၀ ခုနှစ်ကတည်းက Birmingham Ladywood မဲဆန္ဒနယ်ရဲ့ လွှတ်တော်အမတ်အဖြစ်တာဝန်ထမ်းဆောင်လာသူဖြစ်ပြီး၊ ၂၀၂၄ ခုနှစ်ရွေးကောက်ပွဲမှာ လေဘာပါတီအနိုင်ရပြီးနောက်ပိုင်း ထင်ရှားတဲ့နိုင်ငံရေးသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။


အစပိုင်းမှာ တရားရေးဝန်ကြီးအဖြစ်ခန့်အပ်ခံခဲ့ရပြီး ၂၀၂၅ ခုနှစ်၊စက်တင်ဘာလမှာတော့ အီဗတ် ကူးပါး (Yvette Cooper)ရဲ့နေရာမှာ ပြည်ထဲရေးဝန်ကြီး (Home Secretary)အဖြစ်ပြောင်းလဲတာဝန်ယူခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီးဖြစ်လာပြီးနောက် ယူကေနိုင်ငံရဲ့ ခိုလှုံခွင့်ပေးရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ ကြေညာခဲ့ပါတယ်။ သူမက အရင်စနစ်ကို "ထိန်းမနိုင်သိမ်းမရဖြစ်နေတယ်"လို့ဝေဖန်ခဲ့ပြီး၊ ပါတီတွင်းက အချို့ရဲ့ဝေဖန်မှုတွေကိုဂရုမစိုက်ဘဲ လုပ်ဆောင်ခဲ့သူပါ။


သူ ယူကေပြည်ထဲရေးဝန်ကြီးဖြစ်လာပြီးနောက် ၂၀၂၆ခုနှစ်မတ်လ ၃ရက်နေ့က မြန်မာ၊ အာဖဂန်နစ္စတန်၊ ကင်မရွန်းနဲ့ဆူဒန် စတဲ့ ၄ နိုင်ငံကကျောင်းသားတွေ(study visas)ကျောင်းသားဗီဇာထုတ်ပေးမှုကို ရပ်ဆိုင်းခဲ့ပါတယ်။ ⁠


• ကာကွယ်ရေးဝန်ကြီး (Defence Secretary): ဝက်စ် စထရီးတင်း (Wes Streeting)

ကာကွယ်ရေးဝန်ကြီး ဝက်စ် စထရီးတင်း (Wes Streeting)
ကာကွယ်ရေးဝန်ကြီး ဝက်စ် စထရီးတင်း (Wes Streeting)

စထရီးတင်းဟာ ကျန်းမာရေးဝန်ကြီးဟောင်းတစ်ဦးဖြစ်ပါတယ်။ သူဟာပြီးခဲ့တဲ့မေလတုန်းက အဲဒီအချိန်ကဝန်ကြီးချုပ်ဖြစ်တဲ့ ကီယာ စတာမာ (Keir Starmer) အပေါ် ယုံကြည်မှုမရှိတော့ဘူးလို့ဆိုကာ ကျန်းမာရေးဝန်ကြီးရာထူးကနေ နုတ်ထွက်ခဲ့သူဖြစ်ပါတယ်။


သူဟာ အန်ဒီ ဘန်ဟမ်နဲ့အတူ လေဘာပါတီခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်ဖို့ ရည်ရွယ်ခဲ့သူပါ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဘန်ဟမ်ကိုပဲ ပြန်လည်ထောက်ခံပေးခဲ့ပါတယ်။


ဝန်ကြီးချုပ် အန်ဒီ ဘန်ဟမ်ကတော့ သူ့ရဲ့ပထမဆုံးမိန့်ခွန်းမှာ နိုင်ငံအတွက် "၁၀ နှစ်တာ စီမံကိန်း"ကိုချမှတ်သွားမယ်လို့ ကတိပေးထားပါတယ်။ ဒါ့အပြင် လူနေမှုစရိတ်ကြီးမြင့်တဲ့ ပြဿနာတွေကိုဖြေရှင်းမယ့်အစီအမံတွေကိုလည်း အင်္ဂါနေ့ (ဒီကနေ့)မှာစတင်ထုတ်ပြန်သွားမှာဖြစ်ပါတယ်။


သူက "ဒီအချိန်အခါဟာ ယူကေနိုင်ငံအတွက် အပြောင်းအလဲအစပျိုးပေးမယ့်အချိန်ပဲ"လို့ပြောကြားခဲ့ပြီး လမ်းဘေးမှာအိပ်နေရတဲ့ပြဿနာကို အဆုံးသတ်ဖို့နဲ့ ပြည်သူပိုင်အိမ်ရာတွေကို ပိုမိုဆောက်လုပ်ပေးဖို့ အဓိကဦးစားပေးသွားမယ်လို့ ဆိုပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page