စစ်ကောင်စီရွေးကောက်ပွဲ ပြည်တွင်းလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ ဖိတ်ခေါ်နေ
- BVJ

- Sep 17
- 1 min read
BVJ/ဂျိုး_ စက်တင်ဘာ ၁၇၊ ၂၀၂၅

အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ့်ရွေးကောက်ပွဲအပိုင်း-၁ကိုလေ့လာလိုတဲ့ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေအနေနဲ့ လေ့လာလိုတဲ့ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက်သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ဒီနေ့ကပြီး ဒီဇင်ဘာလ ၅ရက်နေ့အထိလျောက်ထားနိုင်ပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်-UECက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာအဖွဲ့အစည်းတွေကကိုယ်စားလှယ်တွေကို တိုက်ရိုက်ဖိတ်ကြားစာပေးပို့ ပြီးခေါ်ယူမှာဖြစ်သလို စစ်ကောင်စီနဲ့သံတမန်ဆက်သွယ်မှုပြုထားတဲ့ နိုင်ငံခြားသံရုံးတွေ၊ ကောင်စစ်ဝန်ရုံးတွေနဲ့အမြဲတမ်းကိုယ်စားလှယ်ရုံးတွေက ကိုယ်စားလှယ်တွေကိုလည်း ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ဖို့ ဖိတ်ကြားသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာမယ့်အဖွဲ့တွေအနေနဲ့လည်း ပြည်ထောင်ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပြဌာန်းပေးထားတဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူလိုက်နာရမယ့် အမိန့်တွေကိုလိုက်နာရမှာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲတရားဝင်မှုရရှိရေးနဲ့ ပြည်ပနိုင်ငံတွေရဲ့ အသိအမှတ်ပြုခံရရေးအတွက်ကြိုးစားနေပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်သွားရောက်ခဲ့တဲ့ ပြီးခဲ့တဲ့တရုတ်နိုင်ငံခရီးစဉ်မှာလည်း ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့ စေလွှတ်ဖို့ ကမ်းလှမ်းဖိတ်ခေါ်ခဲ့တာလည်းဖြစ်ပါတယ်။
စစ်ကောင်စီရွေးကောက်ပွဲ အပိုင်း-၁လုပ်မယ်လို့ ကြေညာထားတဲ့ မြို့နယ် ၁၀၂မြို့ထဲမှာ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တွေထိန်းချုပ်ဒေသတွေ လည်းပါဝင်နေသလို သူတို့နယ်မြေမှာရွေးကောက်ပွဲလုပ်ခွင့်မရှိကြောင်းနဲ့ ပူးပေါင်းပါဝင်သူ တွေကိုအရေးယူမယ်လို့ တရားဝင်ကြေညာထားကြတာပါ။







Comments