စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း ငါးထောင်နီးပါးစာရင်းပေးထား
- BVJ

- Sep 24
- 1 min read
မိုနာ/BVJ_စက်တင်ဘာ ၂၄၊ ၂၀၂၅

အာဏာသိမ်းစစ်အုပ်စုက ကျင်းပမယ့်ရွေးကောက်ပွဲအပိုင်း-၁ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ကိုယ်စားလှယ်လောင်း ၄၉၆၃ဦးရေ စာရင်းပေးသွင်းထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်-UECက စာရင်းထုတ်ပြန်ပါတယ်။
လာမယ့်ဒီဇင်ဘာ ၂၈မှာကျင်းပမယ့် စစ်အုပ်စုရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းမှုကို မနေ့က စက်တင်ဘာ ၂၂ရက်မှာ နောက်ဆုံးထားပေးသွင်းရတာဖြစ်ပြီး တင်သွင်းလာတဲ့ကိုယ်စားလှယ်လောင်းစာရင်းကို အခုလိုဖော်ပြလာတာပါ။
ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းခဲ့တဲ့ နိုင်ငံရေးပါတီ ၅၇ပါတီရှိပြီး အဲ့ဒီထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ-USDPက ကိုယ်စားလှယ်လောင်း ၁၀၁၈ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၆၉၄ဦး၊ ဒေါ်သက်သက်ခိုင်ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ-PPPက ၆၇၂ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါီက ၄၂၈ဦး၊ ရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)က ၅၈၄နဲ့ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီကတော့ ကိုယ်စားလှယ်လောင်း ၅၁၂ဦး ဝင်ပြိုင်ဖို့စာရင်းပေးသွားထားတယ်လို့ သိရပါတယ်။
ဝင်ပြိုင်မယ့်ထဲမှာ တစ်သီးပုဂ္ဂလကိုယ်စားလှဘ်လောင်း ၉၅ ဦးလည်းစာရင်းတင်ထားပြီး တိုင်းနဲ့ပြည်နယ်တွေမှာဝင်ပြိုင်မယ့် နိုင်ငံရေးပါတီ ၅၁ပါတီကတော့ ကိုယ်စားလှယ်လောင်း ၉၆၀ ဦး စာရင်းပေးသွင်းထားတယ်လို့ UECစာရင်းက ဖော်ပြပါတယ်။

ကိုယ်စားလှယ်လောင်းစာရင်း နောက်ဆုံးတင်သွင်းရမယ့် တစ်ရက်အလိုမှာပဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ပြိုင်မယ့်ပါတီတွေအတွက် ဖြေလျော့မှုလုပ်ထားတဲ့ ထုတ်ပြန်ချက်ကို စစ်ခေါင်းဆောင်လက်မှတ်ထိုးထုတ်ပြန်ခဲ့ပါသေးတယ်။
အဲ့ဒီဖြေလျော့မှုဟာ အရင်က မဲဆန္ဒနယ်တဝက်အထိဝင်ပြိုင်နိုင်တာမျိုးမရှိရင် ပါတီအဖြစ်ဆက်လက်ရပ်တည်ခွင့်မရှိစေရလို့ ပြဌာန်းထားတဲ့နေရာမှာ တနိုင်ငံလုံးဝင်ပြိုင်မယ့်ပါတီတွေအနေနဲ့ မဲဆန္ဒနယ် စုစုပေါင်းရဲ့လေးပုံ တစ်ပုံကို သာဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်လို့ ပြင်ဆင်လိုက်တာပါ။
တနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ဖြစ်နေပြီး နယ်မြေဒေသတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ လက်လွှတ်ထားတဲ့ရတဲ့စစ်ကောင်စီဟာ ရွေးကောက်ပွဲမဖြစ်ဖြစ်အောင်ကျင်းပနိုင်ဖို့အတွက် စစ်ရေးအပါအဝင် နည်းမျိုးစုံနဲ့ပြင်ဆင်နေတာကိုလည်း တွေ့ရပါတယ်။
စစ်ကောင်စီကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကိုလက်မခံတာကြောင့် ရွေးကောက်ပွဲမှာပါဝင်ပတ်သက်သူတွေကို အရေးယူမှုပြုလုပ်မယ်လို့လည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ NUGနဲ့ PDFတွေကထုတ်ပြန် ကြေညာထားကြပါတယ်။







Comments