ကိုယ်စားလှယ်လောင်းရွေးကောက်ပွဲစားရိတ်ငွေ ကျပ်သိန်းသုံးရာအထိ တိုးမြှင့်ပေး
- BVJ

- Oct 27
- 1 min read
Updated: Oct 28
ယူဂရင်း/BVJ_ အောက်တိုဘာ ၂၇၊ ၂၀၂၅

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရက်မတိုင်ခင် တစ်ရက်အလိုမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအတွက် ရွေးကောက်ပွဲအသုံးစားရိတ်ငွေကို စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်-UECက ပြင်ဆင်ပြဌာန်းလိုက်ပါတယ်။
စစ်အုပ်စုရွေးကောက်ပွဲဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးဖို့အတွက် အသုံးစားရိတ်တွေကို ထက်ဝက်ခန့်ဆီတိုးမြှင့်သတ်မှတ်လိုက်ကြောင်း UECကမနေ့က အောက်တိုဘာ ၂၆ရက်မှာကြေညာပါတယ်။
အဲ့ဒီပြင်ဆင်ချက်အရ ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတို့အတွက် ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကျပ်သိန်း ၁၅၀အစား ကျပ်သိန်း ၃၀၀နဲ့ တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ ကျပ်သိန်း ၃၀၀အစား ကျပ်သိန်း ၅၀၀ကို သုံးစွဲခွင့်ရမှာဖြစ်ပါတယ်။
စစ်အုပ်စုရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့်လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ လုံခြုံရေးစိုးရိမ်ရလို့ဆိုပြီး facebook၊ တစ်တော့စတဲ့အွန်လိုင်းကနေမဲဆွယ်စည်းရုံးမှုတွေကို အားစိုက်လုပ်ကြရမှာဖြစ်သလို ရွေးကောက်ပွဲမဲဆွယ်စည်းရုံးဟောပြောမှုတွေဟာ လုံခြုံရေးအစောင့်ဌားရမ်းတာမျိုးလုပ်ဆောင်ကြရမှာတွေကြောင့် အသုံးစားရိတ်ငွေတိုးမြှင့်ပေးဖို့ဆိုပြီး UECကိုပါတီတွေကတင်ပြခဲ့တယ်လို့လည်း သိရပါတယ်။
စစ်အုပ်စုရွေးကောက်ပွဲဝင်ပြိုင်မယ့်အထဲမှာ ကြံ့ခိုင်ရေးပါတီ-USDPကနေဝင်ပြိုင်မယ့် နေပြည်တော်ကအမတ်လောင်းတွေဟာ စစ်တပ်ထွက်ဗိုလ်မှူး၊ ဗိုလ်ကြီးတွေပါဝင်ပါတယ်။
ကိုယ်စားလှယ်လောင်းတစ်ဦးကို ကျပ်သိန်းတစ်ရာသာသုံးစွဲခွင့်ရရှိခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲစားရိတ်အသုံးနိုင်ဆုံး ကိုယ်စားလှယ်လောင်းတွေထဲမှာ ကြံခိုင်ရေးပါတီက နေပြည်တော်ကိုယ်စားလှယ်လောင်းတွေ ပါဝင်ခဲ့ပါတယ်။
ဥပဒေအရ ရွေးကောက်ပွဲအသုံးစရိတ်ငွေကို ကိုယ်စားလှယ်လောင်းတွေရဲ့တရားဝင်ရရှိတဲ့ငွေ၊ တရားဝင်ရရှိထားတဲ့ပါတီရံပုံငွေတို့ကနေ ကျခံသုံးစွဲခွင့်ရှိပြီး သတ်မှတ်ထားတဲ့ကာလမှာ ရွေးကောက်ပွဲကော်မရှင်ကိုအသုံးစားရိတ်ရှင်းတမ်းတင်သွင်းရမှာဖြစ်ပါတယ်။







Comments