မဲဆန္ဒနယ် ၁၂၁ခုမှာ ရွေးကောက်ပွဲမကျင်းပဘူးလို့ UECကြေညာ
- BVJ

- Sep 15
- 1 min read
ယူဂရင်း/BVJ_ စက်တင်ဘာ ၁၅၊ ၂၀၂၅

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း(၁)မှာ လွှတ်တော် ၃ရပ်ရဲ့ မဲဆန္ဒနယ် ၁၂၁ခုကို ရွေးကောက်ပွဲမလုပ်ဘူးလို့ စစ်အုပ်စုလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင-UECက မနေ့က စက်တင်ဘာ ၁၄ရက်စွဲနဲ့ ကြေညာပါတယ်။
လွတ်လပ်ပြီးတရာမျှတတဲ့ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေမရှိဘူးဆိုပြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၅၆နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP)အတွက် မဲဆန္ဒနယ် ၉ နယ်နဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP)အတွက် မဲဆန္ဒနယ် ၅၆နယ်တို့ကို ရွေးကောက်ပွဲမလုပ်ဘူးလို့ ကြေညာလာတာပါ။
ကြေညာတဲ့မြို့တွေထဲမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၅၆) နယ်အတွက် ကချင်ပြည်နယ်က ၄ မြို့နယ်၊ ကရင်နီ(ကယား)ပြည်နယ်က ၃ မြို့နယ်၊ ချင်းပြည်နယ်က ၄ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးက ၁၀ မြို့နယ်၊ မကွေး တိုင်းဒေသကြီး ၅ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးက ၃ မြို့နယ်၊ ရခိုင်ပြည်နယ်က ၁၀ မြို့နယ် နဲ့ ရှမ်းပြည်နယ်က ၁၇ မြို့နယ်တို့ပါဝင်ပြီး အဲ့ဒီ ၅၆နယ်ဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော် FPTPစနစ်အတွက် ရွေးကောက်ပွဲမကျင်းပမယ့် မဲဆန္ဒနယ် (၅၆) နယ်နဲ့ အတူတူပဲဖြစ်ပါတယ်။
အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် (၉) နယ်အတွက်မှာ ကရင်နီ(ကယား)ပြည်နယ်က ဖားဆောင်း၊ မယ်စဲ့နဲ့ ရှားတောမြို့နယ်၊ ချင်းပြည်နယ်က ပလက်ဝ၊ မတူပီ၊ မင်းတပ်ခရိုင်၊ ရခိုင်ပြည်နယ်ထဲက မောင်တော၊ မြောက်ဦးခရိုင်နဲ့ ရှမ်းပြည်နယ်ထဲက ပလောင်နဲ့ ကိုးကန့်တို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ ပါဝင်ပါတယ်။
UECကအခုကြေညာတဲ့ မြို့နယ်အများစုဟာ AA၊ KIA၊ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ဒေသတွေပါဝင်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ အာဏာသိမ်းပြီးငါးနှစ်အကြာ အခုနှစ် ဒီဇင်ဘာ ၂၈ရက်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားပြီး အဲ့ဒီအတွက်လည်းကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေတာပါ။







Comments