ဗဟိုဘဏ်ဒုဥက္ကဌ နိုင်ငံရေးအကျဥ်းသား ဦးဘိုဘိုငယ် Laszlo Z. Bito ဆုချီးမြှင့်ခံရ
- BVJ

- May 25
- 1 min read
BVJ/အေတီ_ မေ ၂၅ ၊ ၂၀၂၅

၂၀၀၅ ခုနှစ်အတွက်ပေးအပ်တဲ့ Laszlo Z. Bito လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုဆု နိုင်ငံရေးအကျဥ်းသား ဦးဘိုဘိုငယ် ချီးမြှင့်ခံရပါတယ်။ ဒီဆုကို မြန်မာနိုင်ငံ အကျဥ်းထောင်ထဲ အကျဥ်းကျခံနေရတဲ့ ဦးဘိုဘိုငယ် ကိုယ်စား အမေရိကန်နိုင်ငံအခြေစိုက် သံအမတ်ကြီး ဦးကျော်မိုးထွန်းက လက်ခံရယူမယ်လို့ ဆုရွေးချယ်ပေးအပ်ရေးအဖွဲ့ Bard College က ထုတ်ပြန်ထားပါတယ်။
ဒီဆု ချီးမြှင့်ခံရတာနဲ့ ပတ်သက်ပြီး ဦးဘိုဘိုငယ်နဲ့ လူချင်းဆုံခဲ့ဖူးတဲ့ သြစတြေးလျ စီးပွားရေးပညာရှင် ဒေါက်တာရှောင်တာနာက အခုလိုပြောပါတယ်။
“ကျွန်တော်တွေ့ဖူးသမျှလူတွေထဲမှာ ဘိုဘိုငယ်က ထူးခြားပြီး တကယ်တော်တဲ့ လူတစ်ယောက်ပါ။ သမာဓိနဲ့ ရဲစွမ်းသတ္တိပြည့်ဝတဲ့ သူ့ရဲ့ လုပ်ဆောင်မှုတွေကြောင့် အခု ထောင်သွင်း အကျဥ်းချခံနေရပါတယ်။“
ဟန်ဂေရီနိုင်ငံဖွား စာရေးဆရာ သိပ္ပံပညာရှင် လွတ်မြောက်ရေးတိုက်ပွဲဝင် Laszlo Z. Bito ကို ဂုဏ်ပြုတဲ့ အနေနဲ့ Laszlo Z. Bito ဆု ကို ၂၀၂၂ ခုနှစ်ကစပြီး အမေရိကန် နယူးယောက် မြို့အခြေစိုက် Bard College က နှစ်စဥ်ချီးမြှင့်နေတာဖြစ်ပါတယ်။

ဦးဘိုဘိုငယ် Laszlo Z. Bito ဆုချီးမြှင့်ခံရတာနဲ့ ပတ်သက်ပြီး နိုင်ငံရေး အကျဥ်းသားကူညီစောင့် ရှောက်ရေး အဖွဲ့ အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်က Burma VJ ကို အခုလိုပြောပါတယ်။
“ဦးဘိုဘိုငယ်ဟာ ဗဟိုဘဏ်ဒုဥက္ကဌ တာဝန်ထမ်းဆောင်နေရင်း အဖမ်းခံရပြီး နှစ်ရှည်ထောင် ဒဏ်ချမှတ်ခံနေရတဲ့သူဖြစ်ပါတယ်။ တကယ်တော့ သူက နိုင်ငံရေးသမား တစ်ဦးမဟုတ်ပါဘူး၊ ပညာရှင်တစ်ဦးပါ။ ပြည်သူတွေရဲ့ အကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့အချိန် အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်ဘဏ္ဍာကို ထိန်းချုပ်ချင်တဲ့အတွက် သူ့ကို အမှုဆင်ပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ သူက မြန်မာပြည်သူတွေအားလုံးရဲ့ အကျိုးကို ဆောင်ရွက်ခဲ့တဲ့သူတစ်ဦးဖြစ်တာကြောင့် ဒီဆုနဲ့လုံးဝထိုက်တန်တဲ့သူတစ်ယောက်ပါ။ လက်ရှိအချိန်မှာလဲ ဦးဘိုဘိုငယ်ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားနေပြီး အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရတဲ့ ပုံစံမျိုးကြုံနေရတာကြောင့် သူ့အတွက် စိတ်ခွန်အားတွေပံ့ပိုးပေးဖို့လိုပါတယ်။ ဒီဆုဟာ ဦးဘိုဘိုငယ်အတွက်တင်သာမက မတရားအကျဥ်းကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသား တွေအားလုံးကို ပေးတဲ့ဆုလို့ ကျွန်တော်တို့ သဘောထားပါတယ်။”
ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ ဗဟိုဘဏ်ဥက္ကဌတာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးဘိုဘိုငယ်ကို အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ခုနှစ် ဖောဖော်ဝါရီ ၁ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ ပြီးတော့ သူ့ကို စစ်ကောင်စီက အကျင့်ပျက်ခြစားမှုပုဒ်မနဲ ထောင်နှစ် ၂၀ ချမှတ်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မန္တလေးက အိုးဘိုထောင်ထဲမှာ ချုပ်နှောင်ထားပါတယ်။
လက်ရှိအချိန် ဦးဘိုဘိုငယ် နှလုံးသွေးတိုးရောဂါခံစားနေရတဲ့သူဖြစ်ပြီး သူ့ရဲ့ ကျန်းမာရေး အခြေအနေကို သူ့ဇနီးသည်နဲ့ မိသားစုက စိုးရိမ်ပူပန်နေကြတယ်လို့ သိရပါတယ်။







Comments