top of page

ရိုဟင်ဂျာတွေအပေါ်လူမျိုးတုန်းသတ်ဖြတ်မှုနဲ့တရားရင်ဆိုင်နေတဲ့ စစ်အုပ်စုကိုယ်စားလှယ်အဖွဲ့ကို ရွေးကောက်ပွဲဝင်ပြိုင်တဲ့ပါတီတွေက ထောက်ခံ

  • Writer: BVJ
    BVJ
  • Jan 23
  • 1 min read

BVJ/ဂျိုး_ဇန်နဝါရီ ၂၃၊ ၂၀၂၆

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ဂမ်ဘီယာနိုင်ငံရဲ့စွပ်စွဲချက်နဲ့ပတ်သက်ပြီး နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ သွားရောက်တရားရင်ဆိုင်နေတဲ့ စစ်အုပ်စုကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံကြိုဆိုတယ်လို့ ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီအပါအဝင် နိုင်ငံရေးပါတီတချို့နဲ့ အဖွဲ့အစည်းတချို့က ထုတ်ပြန်လာကြပါတယ်။


မြန်မာစစ်တပ်အနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တာရှိ၊မရှိကို အပြည်ပြည်ဆိုင်ရာတရားရုံးမှာ အခုလ ဇန်နဝါရီ ၁၂ ရက်နေ့ကစစစ်ဆေးကြားနာနေတာဖြစ်ပြီး မြန်မာဘက်က စစ်အုပ်စုကိုယ်စားလှယ်တွေဖြစ်တဲ့ သမ္မတရုံးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ကြားနာပွဲကိုတက်ရောက် ချေပနေတာပါ။


မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ နိုင်ငံတကာဥပဒေ လုပ်ထုံးလုပ်နည်းတွေအတိုင်း ခိုင်ခိုင်မာမာရပ်တည်ရင်ဆိုင်ဖြေရှင်းနေတာဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်သူတရပ်လုံးရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နေတာဖြစ်တယ်လို့ ရခိုင့်ဦးဆောင်ပါတီရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ဖော်ြပထားပါတယ်။


ဒါ့ကြောင့် မြန်မာနိုင်ငံတော်အပေါ် မတရားစွပ်စွဲချက်တွေကို အမှန်တရားအတိုင်း ပေါ်ပေါက်စေဖို့၊ နိုင်ငံတကာအလယ်မှာအထင်အမြင်လွဲမှားမှုတွေကင်းစင်စေဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံကြိုဆိုရတာဖြစ်တယ်လို့ ရခိုင့်ဦးဆောင်ပါတီကဆိုပါတယ်။

ပြည်သူ့ပါတီ
ပြည်သူ့ပါတီ

ဒါ့အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးကလည်း ဒီနေ့မှာသဘောထားကြေညာချက်ထုတ်လာပြီး အဲ့ဒီထဲမှာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ ရင်ဆိုင်ဖြေရှင်းနေတဲ့ ဦးကိုကိုလှိုင်နဲ့အဖွဲ့ကိုအပြည့်အဝထောက်ခံကြိုဆိုကြောင်း ပြောထားပါတယ်။


တဆက်တည်းမှာပဲ ဒေါက်တာ သက်သက်ခိုင်ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့လည်း မြန်မာနိုင်ငံအပေါ် တဖက်သတ်စွပ်စွဲချက်တွေနဲ့တရားစွဲဆိုထားတဲ့အပေါ် တာဝန်ယူဖြေရှင်းရေးဆိုတဲ့ မူကိုစွဲကိုင်ထားတာကြောင့် နိုင်ငံကိုယ်စားပြုတရားရင်ဆိုင်နေတဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့အတူရပ်တည်ကြောင်း မနေ့က ထုတ်ပြန်ထားပါတယ်။

အလားတူပဲ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကလည်း ဦးကိုကိုလှိုင်နဲ့အဖွဲ့ကို ဂုဏ်ပြုထောက်ခံကြောင်း ဒီနေ့မှာထုတ်ပြန်ပါတယ်။

တစညပါတီ
တစညပါတီ

အခုထောက်ခံကြိုဆိုကြောင်းထုတ်ပြန်လာတဲ့ နိုင်ငံ‌ရေးပါတီတွေဟာ စစ်အုပ်စုရဲ့ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ပါတီတွေဖြစ်ပါတယ်။


ICJမှာ နှစ်ဖက်လျှောက်လဲကြားနာမှုတွေကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်နေ့ကနေ ၂၉ ရက်အထိပြုလုပ်သွားမှာဖြစ်ပါတယ်။ ပထမကြားနာမှုကိုတော့ ဇန်နဝါရီ ၁၂ ရက်နေ့ကနေ ၁၅ ရက်အထိ ဂမ်ဘီယာဘက်က လျှောက်လဲခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက်နေ့ကနေ ၂၀ရက်ထိ မြန်မာစစ်တပ်ဘက်က ခုခံချေပခဲ့တာလည်းဖြစ်ပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page