“ပဟေဠိအပြည့်နဲ့ ခရိုနီဂိုဏ်းချုပ်ကြီး ဦးအောင်ကိုဝင်းရဲ့ ယူကေခရီးစဥ်”
- BVJ

- Jan 21
- 2 min read
Updated: Jan 28
အေတီ/BVJ_ဇန်နဝါရီ ၂၁၊ ၂၀၂၆

ကေပေးနဲ့ပတ်သက်ပြီး အဖမ်းခံရတဲ့သူက မရှိဘူးဆိုရင် ငါးထောင်နဲ့ ရှစ်ထောင်ကြားရှိပါတယ်
လန်ဒန်မြို့ကို ရဟတ်ယာဥ်နဲ့ပတ်ကြည့်တဲ့ဗီဒီယိုတစ်ခုတက်လာပြီးနောက် ကမ္ဘောဇဘဏ်နာယကကြီး ဦးအောင်ကိုဝင်းနဲ့ အဖွဲ့ လန်ဒန်မှာရောက်နေပြီဆိုတဲ့အကြောင်း လူတွေသိသွားကြပါတယ်။ ရဟတ်ယာဥ်ပေါ်မှာရိုက်ထားတဲ့ ဗီဒီယိုထဲမှာလည်း ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၁၈ရက်နေ့လို့ တယောက်ကပြောလိုက်တာကြောင့် ပိုသေချာသွားပါတယ်။
ဒါပေမယ့် အဲ့ဒီဗီဒီယိုဖိုင်ကို မူလတင်တဲ့မိုးဆန်းအောင်ဆိုသူက နာရီပိုင်းအတွင်းပြန်ဖြုတ်ချသွားပါတယ်။ဒါပေမယ့် "Friends Only"နဲ့ တင်ထားတဲ့ အဲ့ဒီဗီဒီယိုကို Fncc Burma Fact Check Communityအဖွဲ့က ရယူလိုက်နိုင်တာကြောင့် ဦးအောင်ကိုဝင်းတို့အဖွဲ့ ခိုးကြောင်ခိုးဝှက်လာတဲ့ ယူကေခရီးစဥ်အကြောင်းလူတွေသိသွားကြပါတယ်။
ခရိုနီဂိုဏ်းချုပ်ကြီး ဦးအောင်ကိုဝင်းနဲ့အတူပါလာတဲ့ ဦးမိုးဆန်းအောင်ဟာ DSAကျောင်းဆင်း စစ်ဗိုလ်လူထွက်တစ်ဦး ဖြစ်ပါတယ်။အရင်က ဦးနေဝင်းအိမ်တော် လုံခြုံရေး သနက(၄) တပ်ခွဲမှုး၊ အဲ့ဒီကနေ အေးနေဝင်းတို့နဲ့အတူ နိုင်ငံတော်ပုန်ကန်မှုနဲ့အဖမ်းခံရ၊အဲ့ဒီအမှုမှာထောင်မကျပေမယ့် အလုပ်ဖြုတ်ခံရပြီး နောက် KBZ ဘဏ်မှာဝင်အလုပ်လုပ်ပြီး ၊ ဦးအောင်ကိုဝင်းကိုသစ္စာခံတဲ့ လူယုံတစ်ဦးဖြစ်လာပါတယ်။ KBZ ဘဏ်ရဲ့ နိုင်ငံတကာ ဆက်ဆံရေးတာဝန်ယူထားတဲ့သူလို့လည်းသိရပါတယ်။ ဦးမိုးဆန်းအောင်ရဲ့ သားက Air KBZ လေကြောင်းလိုင်းမှာလေယာဉ်မှုးဖြစ်ပြီး မင်းသမီးမိုးယုစံနဲ့လက်ထပ်ထားပါတယ်။
ဦးမိုးဆန်းအောင်တင်ထားတဲ့ပို့စ်အရ ဦးအောင်ကိုဝင်းတို့အဖွဲ့ လန်ဒန်ကနေ Bristol မြို့ကို ပရိုက်ဗိတ်ဂျက်လေယာဥ်နဲ့သွား၊ အဲ့ဒီကနေ ဝေးလ်စ်တောင်ပိုင်းကလူချမ်းသာတွေပဲသွားနိုင်တဲ့ Celtic Manor resort မှာ အနားယူရင်း ဂေါက်ဖ်သွားရိုက်သွားကြသေးတယ်လို့ သိရပါတယ်။

KBZ Bank ကြောင့် မတရားဖမ်းဆီးထိန်းသိမ်းအကျဉ်းချခံထားရသူတွေ၊ငွေကြေးတွေအများကြီး ဆုံးရှုံခဲ့ရသူတွေရှိနေတဲ့အတွက် ကျုးလွန်ခဲ့တဲ့ဦးအောင်ကိုဝင်းတို့အဖွဲ့ အရှက်ရသွားအောင် တခုခုတုန့်ပြန်သင့်ကြောင်း Fncc Burma Fact Check C ommunityအဖွဲ့တာဝန်ခံက တိုက်တွန်းထားပါတယ်။
“ကေပေးနဲ့ပတ်သက်ပြီးပြောချင်တာက အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုကလူနှစ်သောင်းကျော်ဖမ်းထားတဲ့အထဲ ကေပေးနဲ့ပတ်သက်ပြီးအဖမ်းခံရတဲ့သူကမရှိဘူးဆိုရင် ငါးထောင်နဲ့ ရှစ်ထောင်ကြားရှိတယ်။ဒါအနည်းဆုံးအရေအတွက် အဲ့ထက်ပိုဖို့ပဲရှိတယ်။ ပြီးခဲ့တဲ့ရက်ကလည်း ကေပေးအကောင့်တစ်ထောင့်သုံးရာကျော်ကို လုံးဝပိတ်ပလိုက်တယ်ဆိုပြီး သတင်းတွေထွက်လာတယ်။ဒါနဲ့ပတ်သက်ပြီး ဒီကောင်တွေရဲ့ဘောမအုပ်စုက ကျော်မျိုးမင်းဗီဒီယိုတင်ထားတာရှိတယ်။ အဲ့ဗီဒီယိုကျွန်တော်တို့မှာလည်းရှိတယ်။ ဒီလိုကိစ္စမျိုးတွေကျူးလွန်ထားတဲ့ KBZ အုပ်စုရဲ့ နာယကို လူအခွင့်အရေးလေးစားလိုက်နာတယ်ဆိုတဲ့ ယူကေလိုနိုင်ငံက နိုင်ငံထဲဝင်ခွင့်ပေးတယ်ဆိုတော့ ဘာလဲပေါ့။ အဓိပ္ပါယ်မရှိဘူးလို့ ထင်တယ်”
ပြည်ပရောက်ကျောင်းသား လူငယ်တွေပူးပေါင်းထားတဲ့ Fncc Burma Fact Check Community အဖွဲ့ဟာ အာဏာသိမ်းစစ်အုပ်စုနဲ့ဆက်စပ်နေတဲ့သူတွေကို တတ်နိုင်သလောက်ဖော်ထုတ်ပေးနေပါတယ်။မြန်မာပြည်က သူတို့နဲ့ ဆက်စပ်ခဲ့တဲ့သူတွေထဲမှာလည်း စစ်အုပ်စုရဲ့ဖမ်းဆီးခံထားရတဲ့သူတွေရှိနေတယ်လို့ သိရပါတယ်။
ဒါဆိုရင် ဆရာကျောင်းလို့လူသိများတဲ့ ကမ္ဘောဇလုပ်ငန်းစု (KBZ)ဘဏ်ဦးဆောင်သူ ခရိုနီဂိုဏ်းချုပ်ကြီး ဦးအောင်ကိုဝင်းနဲ့အဖွဲ့ လန်ဒန်ကို ဘာကိစ္စနဲ့ရောက်လာကြတာလဲ။အလည်သပ်သပ်ပဲလား။ စီးပွားရေးကိစ္စတွေရောပါလာလား။ ဘယ်သူတွေနဲ့တွေ့ခဲ့လဲ ။ UKအစိုးရ sanction list ထဲကနေ ဘယ်တုန်းကသူ့ကိုဖယ်လိုက်တာလဲ အစရှိတဲ့မေးခွန်းတွေ ဆက်တိုက်ထွက်လာပါတယ်။ ဦးအောင်ကိုဝင်းနဲ့အဖွဲ့ ဇန်နဝါရီ ၂၈ရက်နေ့အထိ ယူကေမှာနေဖို့ အစီအစဥ်ရှိတယ်လို့ မူလကသိထားပေမယ့် သူ့ရဲ့လူယုံတော် ဦးမိုးဆန်းအောင်အပါအဝင် သူနဲ့ပါလာတဲ့သူအားလုံး ဖေ့စ်ဘုခ်ပေါ်ကပါ ပျောက်ချင်းမလှပျောက်ကုန်ကြတဲ့အတွက် ဆက်ခြေရာခံဖို့ခက်ခဲသွားပါတယ်။တချို့က ပြင်သစ်ရောက်သွားပြီ တချို့က ဂျာမနီဘက်ကူးသွားပြီ။ တချို့က မြန်မာပြည်ပြန်တပ်ခေါက်သွားပြီလို့ ပြောနေကြပါတယ်။
ဦးအောင်ကိုဝင်းဟာ မြန်မာ့စစ်အာဏာရှင်ဟောင်းဦးသန်းရွှေလက်ထက်ကစပြီး ဒုချူပ်မောင်အေးအကပ်ကောင်းရသွားပြီး စစ်ဗိုလ်ချုပ်ကြီးတွေနဲ့အလွန်ရင်းနှီးတဲ့ဆက်ဆံရေးတွေကြောင့် ကျိကျိတက်ချမ်းသာ ကြွယ်ဝလာတယ်ဆိုတာ လူတိုင်းသိထားတဲ့လျှို့ဝှက်ချက်တခုဖြစ်နေပါတယ်။ အဲ့ဒီအချက်တွေကြောင့် ဥရောပသမဂ္ဂနဲ့ ယူကေအစိုးရက သူ့ကို ၂၀၀၆ခုနှစ်နဲ့ ၂၀၁၀ခုနှစ်တို့မှာ ပိတ်ဆို့အရေးယူမှုစာရင်းထဲထည့်ခဲ့ပေမယ့် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ခုနှစ်မှာပြန်ရုတ်သိမ်းခဲ့ပါတယ်။အဲ့ဒီကနေ တောက်လျှောက်ပိတ်ဆို့အရေးယူတွေကိုရှောင်တိမ်းနိုင်ခဲ့ပြီး စစ်အုပ်စုရဲ့ လက်နက်ပွဲစား ဂျော်နသန်ကျော်သောင်းတို့ကို မွေးထုတ်ပေးနိုင်တဲ့အထိ ခရိုနီဂိုဏ်းချုပ်ကြီးတစ်ပါး ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၁ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်အုပ်စုနဲ့ နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်ရှိနေတာ၊ KBZ Bank အကောင့်သုံးတဲ့သူတွေအများကြီး ဘဏ့်အကောင့်တွေပိတ်ခံရတာ၊ အကောင့်ထဲကငွေတွေပြန်မပေးဘဲ သိမ်းဆည်းခံရတာ၊ ဘဏ်အကောင့်အသုံးပြုမှုနဲ့ဆက်စပ်ပြီး မတရားဖမ်းဆီးထိန်းသိမ်းခံနေရတာတွေရှိလာတာကြောင့် ပိတ်ဆို့အရေးယူတဲ့စာရင်းထဲ ပြန်ထည့်သင့်တယ်ဆိုတဲ့ တောင်းဆိုမှုတွေ ရှိလာပါတယ်။
ဦးအောင်ကိုဝင်းနဲ့မြန်မာစစ်တပ်ကြား ပူးပေါင်းဆောင်ရွက်နေတဲ့အချက်အလက်တွေ သေသေချာချာစုဆောင်းပြီး ယူကေအစိုးရအနေနဲ့ ပိတ်ဆို့အရေးယူမှုတွေချက်ချင်းလုပ်ဆောင်သင့်ကြောင်း မြန်မာ့အရေးကိုဆယ်စုနှစ်ချီလုပ်ဆောင်နေတဲ့ Burma Campaign UKအဖွဲ့ ဒါရိုက်တာ Mark Farmaner က Burma VJကို ပြောပါတယ်။
“အောင်ကိုဝင်းက မြန်မာစစ်တပ်နဲ့ ဆယ်စုနှစ်များစွာဆက်ဆံရေးရှိနေတဲ့သူ။ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်က သူနဲ့မြန်မာစစ်တပ်အကြားက ရင်းနှီးတဲ့ဆက်ဆံရေးတွေ ၊စစ်တပ်ကိုထောက်ခံအားပေးနေတဲ့ကိစ္စတွေ အသေးစိတ်စုံစမ်းဖော်ထုတ်ပြီးတော့ ယူကေအစိုးရအနေနဲ့ ချက်ချင်းအရေးယူသင့်တယ်။ KBZ ဘဏ်ဟာ တာဝန်ယူမှုရှိတဲ့ကုမ္ပဏီတစ်ခုအဖြစ်ဟန်ဆောင်ပြီးတော့ ရန်ကုန်ကကုန်သည်ကြီးများအသင်းနဲ့လည်း ပူးပေါင်းဖို့ကြိုးစားနေတယ်။ လက်ရှိအချိန်မှာ မြန်မာစစ်တပ်က နိုင်ငံတကာဘဏ္ဍာရေးစံနှုန်း ပြဋ္ဌာန်းချက်တွေမလိုက်နာတာ ၊ စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှုတွေ များပြားလာနေတာတွေအပြင်ကျားဖြန့်စင်တာတွေနဲ့ဆက်နွယ်မှုတွေရှိနေပေမယ့် မြန်မာနိုင်ငံကို Financial Action Task Force စာရင်းကနေပယ်ဖျက်ပေးဖို့ကို သူတို့လော်ဘီလုပ်ပေးနေကြပါတယ်”
ဦးအောင်ကိုဝင်းပိုင်တဲ့ KBZ ဘဏ့်အကောင့်ကိုသုံးတဲ့သူတွေ ဘဏ်အကောင့်ပိတ်ခံရတာတွေ အများကြီးရှိသလို၊တချို့ဆိုရင် သူတို့ကေပေးအကောင့်နဲ့ဆက်စပ်ပြီး အဖမ်းခံနေရတဲ့သူတွေလည်း အခုအချိန်အထိ ထောင်ထဲမှာ အများကြီးရှိနေဆဲပါ။ကေပေးကရတဲ့လိပ်စာတွေနဲ့ အိမ်တိုင်ရာရောက်အဖမ်းခံရတဲ့သူတွေလည်းရှိပါတယ်။ ဇန်နဝါရီ ၅ရက်နေ့က ရန်ကုန်မြို့မှာအဖမ်းခံခဲ့ရတဲ့ ဟင်းလပေးဂျိုင့်ဆွဲရောင်းတဲ့ ဦးကြည်(ခ)၊ဦးကြည်မျိုးဇော်ဟာလည်း ကေပေးအကောင့်နဲ့ဆက်စပ်ပြီး ၅၀ညပုဒ်မနဲ့တရားစွဲခံထားရပါတယ်။
Kpayကအချက်အလက်တွေမေးခံရပြီး စစ်ကြောရေးမှာရိုက်နှက်ခံရသလို ထောင်ကလွတ်လာတော့လည်း အကောင့်အပြီးပိတ်ခံလိုက်ရတယ်လို့ ထိုင်းနိုင်ငံမဲဆောက်မြို့မှာ ရွှေ့ပြောင်းနေထိုင်နေရတဲ့ နိုင်ငံရေးအကျဥ်းသူဟောင်း မမေမြတ်ဇင် ကပြောပါတယ်။

၂၀၂၁ခုနှစ်အာဏာသိမ်းမှုနောက်ပိုင်း ကမ္ဘောဇဘဏ်ကသူ့တို့ဘဏ်ရဲ့ ဝန်ဆောင်မှုတွေအသုံးပြုနေသူတွေရဲ့ အချက်အလက်တွေ စစ်အုပ်စုကိုပေးခဲ့တာကြောင့် kpay အကောင့်တွေပိတ်ခံရသလို၊ အကောင့်သုံးတဲ့ သူအချို့လည်း ဖမ်းဆီးထောင်ချခံခဲ့ရမှုတွေရှိနေပါတယ်။ စစ်အုပ်စုနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေတဲ့ ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းနဲ့ပူးပေါင်းဆောင်ရွက်တာဟာ ကျင့်ဝတ်ဆိုင်ရာအရ မေးခွန်းတွေဖြစ်လာစေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က Burma VJကိုပြောပါတယ်။
“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလစစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ဘဏ်လုပ်ငန်းစနစ်ကို စစ်အုပ်စုက သူတို့ထိန်းချုပ်မှုအောက်ထဲမှာ ထည့်လိုက်တယ်။အဲ့ဒီကနေ ငွေကြေးဆိုင်ရာလုပ်ဆောင်မှုတွေစောင့်ကြည့်တာ၊ ဒီမိုကရေစီလိုလားတဲ့သူတွေကို ပစ်မှတ်ထားပြီး အကောင့်တွေပိတ်ပစ်တာ၊ လုံခြုံရေးအေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တယ်ဆိုတာ လူအခွင့်အရေးအဖွဲ့အစည်းတွေနဲ့ လွတ် လပ်တဲ့မီဒီယာတွေက ဖော်ပြခဲ့ကြပြီးပါပြီ။
ဒီအခြေအနေအောက်မှာ ကမ္ဘောဇဘဏ်ကအရပ်ဘက်လူ့အဖွဲ့အစည်းတွေ မြန်မာနိုင်ငံတွင်းကတက်ကြွလှုပ်ရှားသူတွေရဲ့ ငွေကြေးဆိုင်ရာအချက်အလက်တွေကို စစ်အုပ်စုထံဝေမျှခဲ့ပြီး၊ ဖမ်းဆီးမှုတွေ၊ဖိနှိပ်ခံရမှုတွေမှာပါဝင်ပတ်သက်ခဲ့တယ်လို့ အကြိမ်ကြိမ် စွပ်စွဲခံခဲ့ရပါတယ်။ ဖမ်းဆီးခံရမှုတွေကနေ လွတ်မြောက်လာတဲ့သူတွေရဲ့ ထွက်ဆိုချက်တွေနဲ့ မီဒီယာတွေမှာ ဖော်ပြခဲ့တာတွေကြောင့် ဒီစွပ်စွဲချက်တွေကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီး၊ ပွင့်လင်းမြင်သာတဲ့ တာဝန်ခံမှုတွေလုပ်ဖို့လိုအပ်တယ်လို့ ကျွန်မတို့ အလေးထားပြောခဲ့ပြီးပါပြီ။ အာဏာသိမ်းစစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေတောက်လျှောက်လုပ်နေတဲ့ ဦးအောင်ကိုဝင်း ဥရောပမှာလာပြီး စီးပွားရေးကိစ္စတွေပုံမှန်သဘောမျိုးလာလုပ်နေတာက ကျင့်ဝတ်ဆိုင်ရာအရ မေးခွန်းထုတ်စရာဖြစ်လာပါတယ်”
အာဏာသိမ်းစစ်အုပ်စုနဲ့ ဆက်စပ်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ထိတွေ့ဆက်ဆံမယ်ဆိုရင် နိုင်ငံတကာကချမှတ်ထားတဲ့ ပိတ်ဆို့အရေးမှုတွေထိခိုက်လာနိုင်တဲ့အတွက် သတိထားဖို့လိုကြောင်း ဒေါ်ဇင်မာအောင်က ထပ်ဖြည့်ပြောပါတယ်။
“စစ်အုပ်စုနဲ့ဆက်စပ်နေတဲ့ လူပုဂ္ဂိုလ်တွေ ဒါမှမဟုတ် အဖွဲ့အစည်းတွေနဲ့ထိတွေ့ဆက်ဆံမယ်ဆိုရင် စစ်တပ်ကထိန်းချုပ်ထားတဲ့ စီးပွားရေးကွန်ရက်တွေတရားဝင်ဖြစ်လာနိုင်သလို၊ နိုင်ငံတကာကချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကိုပါထိခိုက်လာနိုင်ပြီး ဥရောပဘဏ္ဍာရေးစနစ်တွေက ပြင်းထန်ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်တာမျိုးတွေအထိ ဖြစ်လာနိုင်ပါတယ်”
ဦးအောင်ကိုဝင်းကို ယူကေရဲ့စီးပွားရေးပိတ်ဆို့မှုစာရင်းထဲပြန်ထည့်နိုင်ဖို့ ယူကေက လူအချို့ ကြိုးစားနေကြပါတယ် ။ဒါပေမယ့်ဒီလိုဖြစ်လာဖို့က ကျူးလွန်ခံရတဲ့သူတွေရဲ့အချက်အလက်တွေကို တတ်နိုင်သလောက် ရအောင်စုပြီး တင်ပြနိုင်ဖို့ကအရေးကြီးပါတယ်။ ဦးအောင်ကိုဝင်းနဲ့အဖွဲ့ဟာ လန်ဒန်ကနေဥရောပကိုခရီးဆက်ဦးမယ်လို့သိရပြီး လက်ရှိအချိန်မှာ ပြင်သစ်နိုင်ငံမှာရောက်ရှိနေတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။
သူတို့ယူကေကိုဘာရည်ရွယ်ချက်နဲ့လာတာလဲ၊ ဘယ်သူတွေနဲ့တွေ့ခဲ့လဲ၊ ဘယ်လိုစီးပွားရေးသဘောတူညီချက်တွေရသွားလဲဆိုတာတွေကို Burma VJ မီဒီယာအနေနဲ့ သီးခြားစုံစမ်းမှုတွေပြုလုပ်နေပါတယ်။
ဦးအောင်ကိုဝင်းခရီးစဥ်နဲ့ပတ်သက်လို့ ယူကေအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနကိုလည်း တရားဝင်မေးမြန်းထားပါတယ်။




Comments