မာနယ်ပလောဌာနချုပ်ပြန်ရအောင် စစ်ရေးစနစ်တကျစီမံခဲ့တဲ့တပ်မှူးနှစ်ဦးကို KNUက ကော်သူးလေရဲစွမ်းသတ္တိဆု ချီးမြှင့်
- BVJ

- Jul 7, 2025
- 1 min read
BVJ/မိုနာ_ ဇူလိုင် ၇၊ ၂၀၂၅

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိုင်ချတပ်စွဲထားတဲ့ မာနယ်ပလောဒေသရှိ ဗျူဟာစခန်းအဆင့် ပွိုင့်(၉၁၃)စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ရေးအကောင်အထည်ဖော်ခဲ့တဲ့ တပ်မှူးနှစ်ဦးကို ကရင်အမျိုးသားအစည်းအရုံး-KNUက ဂုဏ်ပြုတဲ့အနေနဲ့ ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် ချီးမြှင့်လိုက်ကြောင်း ဒီနေ့မနက်ပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။
မာနယ်ပလောဟာ KNUရဲ့ဌာနချုပ်ဟောင်းနေရာဖြစ်ပြီး စစ်တပ်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် လက်လွှတ်ခဲ့ရပြီး အခုနှစ်ပေါင်း ၃၀ နီးပါးအကြာမှာ ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် မာနယ်ပလောဌာနချုပ်ဟောင်းကို ပြန်လည်ရရှိအောင် စနစ်တကျစီမံပြီးအောင်ပွဲနဲ့အတူ စစ်ဆင်ရေးကိုဦးဆောင်အကောင်အထည်ဖော်ခဲ့ကြတဲ့ ဒုတိယဗိုလ်မှူးကြီးစောခင်လေး (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်စစ်ဌာနချုပ်- ပြောက်ကြားတပ်ဖွဲ့ တာဝန်ခံ) နဲ့ ဒုတိယဗိုလ်မှူးကြီး စောတင်မြင့်ထူး (တပ်မဟာ-၇၊ တပ်ရင်း(၂၂) တပ်ရင်းမှူး) တို့ နှစ်ဦးကို အခုလ ၅ရက်နေ ကရင်အမျိုးသားတပ်မတော်နေ့က ကော်သူးလေရဲစွမ်းသတ္တိဆု ဂုဏ်ပြုချီးမြှင့်ခဲ့တာဖြစ်တယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် မာနယ်ပလောဒေသရရှိရေးစစ်ဆင်ရေးမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြတဲ့ အောင်ပွဲရ စစ်သည်တော်တွေကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဌာနချုပ်က ဂုဏ်ပြုမှတ်တမ်းချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
မာနယ်ပလော ပွိုင့် ၉၁၃ ဗျူဟာကုန်းစခန်းကုန်းနဲ့ အမြောက်တပ်ခွဲ ၃၁၁ စခန်းကုန်းတို့ကို KNU နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ၂၀၂၄ခုနှစ် ဒီဇင်ဘာ ၁၃ရက်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၁၆ရက်မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။





Comments