တအာင်းပြည်တည်ဆောက်ရေးမှာအမျိုးသမီးတွေပိုမိုပါဝင်လာရေး တိကျတဲ့ဗျူဟာချမှတ်ဖို့ PSLFတိုက်တွန်း
- BVJ

- Oct 15
- 1 min read
မိုနာ/BVJ_ အောက်တိုဘာ ၁၅၊ ၂၀၂၅

တအာင်းပြည်တည်ဆောက်ရေးနဲ့ ဂျဲန်ဒါတန်းတူညီမျှမှု၊ တရားမျှတမှု၊ ဆုံးဖြတ်ချက်ချနိုင်တဲ့ ကဏ္ဍတိုင်းမှာ အမျိုးသမီးတွေပိုမိုပါဝင်လာနိုင်ရေးအတွက် အခုထက်ပိုတိကျတဲ့ဗျူဟာတွေချမှတ် အကောင်အထည်ဖော်ဖို့ လိုအပ်နေကြောင်းကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLAက တိုက်တွန်းလိုက်ပါတယ်။
မနေ့က အောက်တိုဘာ ၁၄ရက်မှာကျရောက်တဲ့ တအာင်းအမျိုးသမီးအဖွဲ့အစည်း-TWO ဖွဲ့စည်းတည်ထောင်တာ ၂၅နှစ်ပြည့်နေ့ကိုပေးပို့တဲ့ဂုဏ်ပြုသဝဏ်လွှာမှာ ထည့်သွင်းတိုက်တွန်းထားတာပါ။
တအာင်းအမျိုးသမီးအဖွဲ့အစည်းအနေနဲ့ လက်ရှိစစ်ရေးနဲ့နိုင်ငံရေးဆိုင်ရာစိန်ခေါ်မှုတွေကို ကျော်လွန်ပြီး မိသားစုရေးရာစီမံခန့်ခွဲရသူပီပီ မိသားစုစီမံခန့်ခွဲသူအဆင့်သာမက တအောင်းပြည်တည်ဆောက်ရေး၊ ဂျဲန်ဒါတန်းတူရေးနဲ့ အမျိုးသမီးတွေပိုမိုပါဝင်ရေးမှာပါ ဗျူဟာချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ဖို့ဆိုပြီး သဝဏ်လွှာမှာဖော်ပြပါတယ်။
လက်ရှိမြန်မာ့နိုင်ငံရေးနဲ့တအောင်းပြည်နိုင်ငံရေးမှာ ဂျဲန်ဒါတန်းတူအခြေပြုခွဲခြားဆက်ဆံမှုတွေနဲ့ ဖယ်ကျယ်ချန်ထားမှုတွေဟာ လက်ရှိအချိန်ထိကြုံတွေ့နေရဆဲဖြစ်ပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ အပါအဝင်နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေလည်း ထင်သာစွာမြင်တွေ့ရှိနေရဆဲဖြစ်တယ်လို့လည်း PSLFက ပြောထားပါတယ်။
တအာင်းပြည်မှာစစ်ကောင်စီက နေ့စဉ်ရက်ဆက်လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ရာဇဝတ်မှုတွေကျူးလွန်နေတာကြောင့် အမျိုးသမီးငယ်နဲ့ကျောင်းသူကလေးငယ်တွေ အသက်ဆုံးရှုံးမှုကြုံတွေ့နေရကြောင်းနဲ့ အဲ့ဒီလိုအခက်အခဲစိန်ခေါ်မှုတွေကြားကနေ တအာင်းအမျိုးသမီးအဖွဲ့အစည်းဟာ တအာင်းပြည်အမျိုးသမီး၊ ကလေးငယ်တွေနဲ့ပြည်သူလူထုအတွက် တရားမျှတရေး၊ အမျိုးသမီးအပေါ်အကြမ်းဖက်မှုပပျောက်ရေးစတာတွေကို စွမ်းစွမ်းတမံအားထုတ်ကြိုးပမ်း နေတာတွေဟာ လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ်လိုအပ်တဲ့ကူညီပံ့ပိုးမှုဖြစ်တယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြပါတယ်။

TWOရဲ့ ၂၅နှစ်ပြည့်ထုတ်ပြန်တဲ့ လက်ရှိနိုင်ငံရေး သဘောထားရပ်တည်ချက်စာတမ်းမှာတော့ လွတ်လပ်ငြိမ်းချမ်း တရားမျှတတဲ့တအာင်းပြည်နယ်တည်ဆောက်ရေးနဲ့ ပြည်သူ့အစိုးရအုပ်ချပ်ရေးယန္တရားတွေမှာ အမျိုးသမီးတွေ ကိုယ်စားပြုမှုအနည်းဆုံး ၃၀ရာခိုင်နှုန်း ပါဝင်လာစေဖို့နဲ့ ဒီမိုကရေစီစံချိန်စံနှုန်းတွေ၊ ဂျဲန်ဒါတန်းတူရေးအပါအဝင် ရလာဒ်အပေါ်အခြေခံတဲ့ တန်းတူရေးကိုအလေးထားဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် တအာင်းဒေသရှိအမျိုးသမီးထုတွေကို ဖိနှိပ်တဲ့ဓလေ့ထုံးတမ်းတွေ၊ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုနဲ့ ခွဲခြားမှုတွေပပျောက်တဲ့အထိ အစဉ်တစိုက်တိုက်ပွဲဝင်တော်လှန်သွားမယ်လို့ ကြေညာပါတယ်။







Comments