top of page

အဂတိလိုက်စားမှုနဲ့ လေဘာပါတီအမတ်ကျူးလစ်ဆစ်ဒစ်ကို ဘင်္ဂလားဒေ့ရှ်တရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်

  • Writer: BVJ
    BVJ
  • Dec 2, 2025
  • 1 min read

အေတီ/BVJ_ ဒီဇင်ဘာ ၂၊ ၂၀၂၅

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာရဲ့တူမ ယူကေနိုင်ငံလေဘာပါတီအမတ် ကျူးလစ်ဆစ်ဒစ်ကို အစိုးရမြေယာစီမံကိန်းတခုမှာ အဂတိလိုက်စားမှုနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဒါကာမြို့က တရားရုံးတရုံးက ထောင်ဒဏ် ၂နှစ်မျက်ကွယ်ချမှတ်လိုက်ပါတယ်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာရှိဆင်ခြေဖုံးရပ်ကွက်က မြေကွက်တစ်ကွက်ကို သူ့အမေဝယ်ယူနိုင်ဖို့အတွက် သူ့အဒေါ် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာဆီက ခွင့်ပြုချက်ရအောင်လုပ်ဆောင်ပေးခဲ့မှုနဲ့ပတ်သက်ပြီး ဒါကာမြို့ အထူးတရားရုံးက ကျူးလစ်ဆစ်ဒစ်ကို ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။


ဒီမြေကွက်ကိစ္စနဲ့ပတ်သက်ပြီး ကျူးလစ်ဆစ်ဒစ်ရဲ့အမေ ရှိတ်ရီဟာနာကို ထောင်ဒဏ် ၇ နှစ်၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ဟာစီနာကို ထောင်ဒဏ် ၅ နှစ်အသီးသီးချမှတ်ခဲ့ပါတယ်။ သူတို့သုံးဦးလုံးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာမရှိတဲ့အတွက် တရားရုံးကမျက်ကွယ်ပြစ်ဒဏ်ပဲချမှတ်ခဲ့ရပါတယ်။


ယူကေနိုင်ငံ၊လန်ဒန်မြို့ထဲက ဟမ်းစတက်နဲ့ဟိုက်ဂိတ်မဲဆန္ဒနယ်ရဲ့ လွှတ်တော်အမတ်ကျူးလစ်ဆစ်ဒစ်က “ဘင်္ဂလားဒေ့ရှ်တရားရုံးရဲ့ စွပ်စွဲချက်ကိုငြင်းဆိုထားပြီး တရားရုံးရဲ့လုပ်ငန်းစဉ်တခုလုံးဟာ အစကနေအဆုံး ချို့ယွင်းချက်ရှိပြီး ရယ်စရာကောင်းလွန်းတယ်”လို့ ပြောပါတယ်။


ဘင်္ဂလားဒေ့ရှ်နဲ့ယူကေနိုင်ငံကြားမှာ တရားခံလွှဲပြောင်းရေးစာချုပ် ချုပ်ဆိုထားတာမရှိတာကြောင့် ယူကေက ကျူးလစ်ဆစ်ဒစ်ကို ဘင်္ဂလားဒေ့ရှ်ကိုလွှဲပေးမှာမဟုတ်ပါဘူး ။ကျူးလစ်ဆစ်ဒစ်ဟာ ဘင်္ဂလားဒေ့ရှ်မှာမပြီးပြတ်သေးတဲ့ အခြားစွပ်စွဲချက်တွေနဲ့ရင်ဆိုင်နေရတာကြောင့် ၂၀၂၅ခုနှစ်၊ဇန်နဝါရီလက လေဘာတီဝန်ကြီးချုပ် ကီယာစတာမာအစိုးရအဖွဲ့ရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဝန်ကြီးတာဝန်က နုတ်ထွက်ခဲ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ်ကဆန္ဒပြပွဲတွေအတွင်း ၂၀၂၄ခုနှစ်၊သြဂုတ်လက အိန္ဒိယနိုင်ငံကို ထွက်ပြေးတိမ်းရှောင်ပြီး နိုင်ငံရေးခိုလှုံခွင့်ရယူထားတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ဟာစီနာဟာကိုလည်း လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ဘင်္ဂလားဒေ့ရှ်တရားရုံးတခုက ပြီးခဲ့တဲ့လကသေဒဏ်ချမှတ်ခဲ့ပါတယ်။


ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့ကလည်း အခြားတရားရုံးတစ်ရုံးက ဟာစီနာကို သူနဲ့သူ့မိသားစုတွေအတွက် ဒါကာဖွံ့ဖြိုးရေးမြို့သစ်စီမံကိန်းကမြေကွက်တွေကို တရားမဝင်ရယူမှုနဲ့စုစုပေါင်း ထောင်ဒဏ် ၂၁ နှစ် ချမှတ်ထားပါတယ်။ ဟာစီနာရဲ့သားနဲ့သမီးကိုလည်း ဘင်္ဂလားဒေ့ရှ်တရားရုံးတရုံးက ထောင်ဒဏ်ငါးနှစ်စီ မျက်ကွယ်ချမှတ်ခဲ့ပါတယ်။


ဘင်္ဂလားဒေ့ရှ်တရားရုံးတရုံးရဲ့ ဆုံးဖြတ်ချက်ကို အသိအမှတ်မပြုဘူးလို့ လေဘာပါတီပြောရေးဆိုခွင့်ရှိသူက ပြောထားတာရှိပါတယ်။အဲ့ဒီပြောဆိုချက်အရ ကျူးလစ်ဆစ်ဒစ်ဟာ လေဘာပါတီရဲ့ စုံစမ်းစစ်ဆေးမှု သို့မဟုတ် ပါတီစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာအရေးယူမှုတွေက ကင်းလွတ်နေပြီး ယူကေ အောက်လွှတ်တော်မှာ လေဘာပါတီဝင်အမတ်အဖြစ် ဆက်လက်တာဝန်ထမ်း ဆောင်နေဆဲဖြစ်ပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page