ဗင်နီဇွဲလားကို အမေရိကန်အုပ်ချုပ်မယ်လို့ ဒေါ်နယ်ထရမ့်ပြော
- BVJ

- Jan 5
- 1 min read
အေတီ/BVJ_ဒီဇင်ဘာ ၃၊ ၂၀၂၆

ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကရာကက်စ်အထိ ရဟတ်ယာဥ်နဲ့ဝင်ပြီး သမ္မတနီကိုလစ်မာဒူရိုကိုဖမ်းဆီးခဲ့တဲ့ စစ်ဆင်ရေးပြီးဆုံးသွားပြီးနောက် အမေရိကန်က ဗင်နီဇွဲလားကိုအုပ်ချုပ်မယ်လို့ ဒေါ်နယ်ထရမ့်ကပြောလိုက်ပါတယ်။
"ဘေးကင်းလုံခြုံပြီးသင့်လျော်တဲ့၊ တရားမျှတတဲ့ အသွင်ကူးပြောင်းရေး လုပ်ဆောင်နိုင်တဲ့အချိန်အထိ ဗင်နီဇွဲလားနိုင်ငံကိုကျွန်တော်တို့အုပ်ချုပ်သွားမှာပါ"လို့ ဖလော်ရီဒါပြည်နယ် မာ-အာ-လာဂိုမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်နယ်ထရမ့်ကပြောကြားခဲ့တာဖြစ်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံကအခြေခံအဆောက်အအုံတွေ “ပြုပြင်ဖို့နဲ့ငွေရှာရန်”အတွက် အမေရိကန်ရေနံကုမ္ပဏီတွေ ဗင်နီဇွဲလားနိုင်ငံကိုစေလွှတ်မယ်လို့လည်း သူ့မိန့်ခွန်းထဲမှာထည့်ပြောခဲ့ပါတယ်။ ပြီးတော့လိုအပ်လာရင်လည်း ဗင်နီဇွဲလားကို ဒုတိယအကြိမ်တိုက်ခိုက်မှုလုပ်မယ်လို့ ဒေါ်နယ်ထရမ့်ကပြောခဲ့ပါသေးတယ်။
"အာဏာရှင်နဲ့အကြမ်းဖက်သမား မာဒူရိုရဲ့အချိန်ကပြီးဆုံးသွားပြီ။ နောက်ဆုံးတော့ဗင်နီဇွဲလားပြည်သူတွေ လွတ်မြောက်သွားပြီ။အမေရိကန်နိုင်ငံကလည်း ပိုလုံခြုံတဲ့နိုင်ငံဖြစ်သွားပြီ"လို့လည်း သူ့မိန့်ခွန်းထဲမှာထည့်ပြောခဲ့ပါတယ်။
ဗင်နီဇွဲလားကို တိုက်ခိုက်မယ့်စစ်ဆင်ရေးကို လနဲ့ချီစီစဥ်ထားတာဖြစ်ကြောင်း ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Dan Caineက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ အမေရိကန်အထူးတပ်ဖွဲ့က ဟယ်လီကော်ပတာတွေနဲ့ ဒေသစံတော်ချိန်မနက်တစ်နာရီက ကရာကက်စ်မြို့မှာရှိတဲ့ မာဒူရိုရဲ့ ခြံဝင်းထဲထိဝင်ရောက်ပြီး မာဒူရိုတို့လင်မယားကိုဖမ်းခေါ်ခဲ့တာဖြစ်ပါတယ်။

ဗင်နီဇွဲလားသမ္မတကို စနေနေ့မနက်အစောပိုင်းမှာ အမေရိကန်စစ်တပ်ရဲ့ ထိပ်တန်းအထူးမစ်ရှင်ယူနစ် Delta Forceအဖွဲ့ဝင်တွေက ဗင်နီဇွဲလားနိုင်ငံအတွင်းဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း အမေရိကန်အစိုးရအရာရှိတွေက CBS သတင်းဌာနကို ပြောပါတယ်။
မာဒူရိုရဲ့ခြံထဲ ဟယ်လီကော်ပတာတွေဆင်းတဲ့အချိန်ကနေ သူတို့လင်မယားကို အမေရိကန်စစ်သင်္ဘော USS Iwo Jima ပေါ်ခေါ်လာတဲ့အချိန်က နှစ်နာရီခွဲမကြာဘူးလို့ ဗိုလ်ချုပ်ကြီး Dan Caine က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။







Comments