နှစ်၃၀ကျော်အတွင်း ပထမဆုံးအကြိမ်နျူကလီးယားလက်နက်စမ်းသပ်မှုပြန်လုပ်ဖို့ ဒေါ်နယ်ထရမ့်ညွှန်ကြား
- BVJ

- 6d
- 1 min read
အေတီ/BVJ_အောက်တိုဘာ ၃၀၊ ၂၀၂၅

ရုရှားနဲ့တရုတ်တို့လို အခြားနိုင်ငံတွေနဲ့ရင်ပေါင်တန်းနိုင်ရေးအတွက် နျူကလီးယားလက်နက်စမ်းသပ်တာတွေပြန်လုပ်ဖို့ အမေရိကန်စစ်တပ်ကို ညွှန်ကြားထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကပြောပါတယ်။
“အခြားနိုင်ငံတွေကလဲ စမ်းသပ်နေကြတာဆိုတော့ တန်းတူရည်တူဖြစ်သွားအောင် နျူကလီးယားလက်နက်စမ်းသပ်မှုတွေပြန်လုပ်ဖို့ စစ်ဘက်ကလူတွေကို ညွှန်ကြားထားပါတယ်”လို့ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ တောင်ကိုရီးယားမှာမတွေ့ဆုံခင်ချိန်လေးမှာ သူ့ရဲ့ လူမှုကွန်ယက်အကောင့်ကနေ တဆင့်ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံဟာ ၁၉၉၃ခုနှစ်ကစပြီး နျူကလီးယားလက်နက်စမ်းသပ်မှုတွေ ရပ်နားထားပါတယ်။ ရုရှားရဲ့ နျူကလီးယားစွမ်းအင်သုံး ဒုံးကျည်စမ်းသပ်မှုကို ဒေါ်နယ်ထရမ့်က ကန့်ကွက်ရှုတ်ချခဲ့အပြီးရက်ပိုင်းအတွင်းမှာပဲ ထရမ့်ရဲ့ အခုလိုပြောဆိုမှုပေါ်ထွက်လာတာပါ။ဒါပေမယ့် အဲ့ဒီလက်နက်စမ်းသပ်မှုဟာ နျူကလီးယားလက်နက်စမ်းသပ်မှုမဟုတ်ဘူးလို့ ရုရှားဘက်ကငြင်းထားပါတယ်။
တရုတ်သမ္မတရှီကျင့်ဖျင်နဲ့တွေ့ဆုံပြီး တောင်ကိုရီးယားနိုင်ငံကအပြန်ခရီး Air Force One လေယာဥ်ကြီးပေါ် ရောက်တော့ နျူကလီးယားလက်နက်စမ်းသပ်မှုကိုဘယ်နေရာမှာလုပ်မလဲဆိုတာ နောက်ပိုင်းမှာဆုံးဖြတ်မယ်လို့ ဒေါ်ထရမ့်ကပြောပါတယ်။
ဒီရာစုနှစ်အတွင်းမှာ မြောက်ကိုရီးယားနိုင်ငံကလွဲလို့ ဘယ်နိုင်ငံကမှ နျူလက်နက်စမ်းသပ်တာတွေ ဆက်မပြုလုပ်ကြတော့ကြောင်း ၊မြောက်ကိုရီးယားဆိုရင်လည်း နျူလက်နက်စမ်းသပ်မှုကို ၂၀၁၈ခုနှစ်နောက်ပိုင်း ဆက်မလုပ်တော့ကြောင်း လက်နက်ထိန်းချုပ်ရေးအသင်း (ACA) က ထုတ်ပြန်ထားပါတယ်။
နျူကလီးယားလက်နက်ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး အမေရိကန်ရပ်တည်ထားတဲ့မူဝါဒကို ထရမ့်ရဲ့ကြေညာချက်က ပြောင်းပြန်လှန်လိုက်သလိုဖြစ်သွားပါတယ်။အမေရိကန်က နျူကလီးယားလက်နက်စမ်းသပ်မှုကို ၁၉၉၂ခုနှစ်မှာ နောက်ဆုံးပြုလုပ်ခဲ့ပြီးနောက် နှစ်၃၀ကြာ ရပ်ဆိုင်းထားပါတယ်။

◾နျူလက်နက်အများဆုံးပိုင်တဲ့ နိုင်ငံတွေ
အမေရိကန်မှာအခြားနိုင်ငံတွေထက် နျူကလီးယားလက်နက်ပိုများတယ်လို့ ထရမ့်ကပြောပါတယ်။နိုင်ငံတစ်နိုင်ငံချင်းစီက သူတို့ပိုင်ဆိုင်တဲ့ နျူကလီးယားထိပ်ဖူးအရေအတွက် အတိအကျကိုလျှို့ဝှက်ထားကြပေမယ့် အမေရိကန်သိပ္ပံပညာရှင်များအဖွဲ့ချုပ် (FAS) ရဲ့ အဆိုအရ ရုရှားမှာ နျူကလီးယားထိပ်ဖူး စုစုပေါင်း ၅၄၅၉ ခုခန့်ရှိပြီး၊အမေရိကန်မှာ ၅၁၇၇ ခုခန့်ရှိတယ်လို့ သိရပါတယ်။ အမေရိကန်အခြေစိုက် ACA အဖွဲ့ရဲ့ ခန့်မှန်းချက်ကတော့ အနည်းငယ်ပိုများပြီး အမေရိကန်မှာနျူကလီးယားထိပ်ဖူး ၅၂၂၅ ခန့်ရှိပြီး ရုရှားမှာ ၅၅၈၀ ခန့်ရှိတယ်လို့ဆိုပါတယ်။
နျူကလီးယားထိပ်ဖူး ၆၀၀ ခန့်ရှိတဲ့ တရုတ်နိုင်ငံက နျူကလီးယားလက်နက် တတိယအများဆုံးပိုင်ဆိုင်တဲ့နိုင်ငံဖြစ်ပြီး၊ပြင်သစ်နိုင်ငံမှာ ၂၉၀၊ယူကေမှာ ၂၂၅ ခု၊ အိန္ဒိယမှာ ၁၈၀၊ ပါကစ္စတန် ၁၇၀၊ အစ္စရေးနိုင်ငံ ၉၀ နဲ့ မြောက်ကိုရီးယားနိုင်ငံမှာ ၅၀ အသီးသီးပိုင်ဆိုင်ထားကြကြောင်း FASရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အမေရိကန် think tank အဖွဲ့ Center for Strategic and International Studies (CSIS)ရဲ့အဆိုအရ ပြီးခဲ့တဲ့ငါးနှစ်အတွင်း တရုတ်နိုင်ငံရဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်မှုဟာနှစ်ဆတိုးလာပြီး ၂၀၃၀ခုနှစ်မှာ တရုတ်နိုင်ငံက နျူလက်နက် ၁၀၀၀ ကျော်အထိ ပိုင်ဆိုင်လာမယ်လို့ ခန့်မှန်းထားပါတယ်။ အခုအချိန်အထိတော့ မြောက်ကိုရီးယားကလွဲရင် အဓိက နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့နိုင်ငံကြီးတွေအားလုံးက ၁၉၉၀ ပြည့်နှစ်တွေကတည်းက နျူလက်နက်စမ်းသပ်မှုတွေ ရပ်ဆိုင်းထားခဲ့ကြပါတယ်။
အမေရိကန်နဲ့ရုရှားတို့အကြားချုပ်ဆိုထားတဲ့ နျူကလီးယားလက်နက်စာချုပ် သက်တမ်းကုန်ခါနီး ရက်တစ်ရာပတ်ဝန်းကျင်မှာ ထရမ့်ရဲ့ညွှန်ကြားချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။၂၀၂၆ခုနှစ် ဖေဖော်ဝါရီလမှာ အမေရိကန်နဲ့ရုရှားနိုင်ငံကြား ချုပ်ဆိုထားတဲ့ နျူကလီးယားလက်နက်စာချုပ်သက်တမ်းကုန်မှာ ဖြစ်ပါတယ်။ချုပ်ဆိုထားတဲ့စာချုပ်ထဲမှာ တိုက်ကြီးတွေကိုဖြတ်ကျော်ပြီးပစ်နိုင်တဲ့ ဒုံးကျည်တွေ နိုင်ငံတစ်နိုင်ငံချင်းဆီမှာ နျူကလီးယားထိပ်ဖူး ၁၅၅၀ အ ထိသာ ကန့်သတ်ပိုင်ဆိုင်ထားဖို့ သဘောတူထားကြပါတယ်။
◾အမေရိကန်မှာ နောက်ဆုံးနျူလက်နက်စမ်းသပ်ခဲ့တဲ့နေရာ
အမေရိကန်က နျူကလီးယားဗုံးကို ၁၉၉၂ခုနှစ် စက်တင်ဘာ၂၃ရက်နေ့က နောက်ဆုံးစမ်းသပ်ခဲ့ပြီး စမ်းသပ်မှုလုပ်ခဲ့တဲ့နေရာ အနောက်ပိုင်း နဗားဒါးပြည်နယ်ထဲက မြေအောက်စခန်းတစ်ခုမှာဖြစ်ပါတယ်။ အဲ့ဒီနျူကလီးယား လက်နက်စမ်းသပ်တဲ့ ပရောဂျက်နာမည်က Dividerလို့ ခေါပြီး၊အဲ့ဒီတုန်းက နျူကလီးယားလက်နက်တစ်ထောင်ကျော် အမေရိကန်အစိုးရက စမ်းသပ်ခဲ့တယ်လို့ ကမ္ဘာ့ပထမဆုံး အဏုမြူဗုံးတီထွင်မှုမှာ အဓိကအခန်းကဏ္ဍကပါဝင်ခဲ့တဲ့ Los Alamos အမျိုးသားဓာတ်ခွဲခန်းက ပြောပါတယ်။
လာ့စ်ဗီးဂတ်စ်မြို့ မြောက်ဘက် ၆၅မိုင် (၁၀၅ ကီလိုမီတာ) အကွာအဝေးမှာရှိတဲ့ နဗားဒါး နျူကလီးယားလက်နက် စမ်းသပ်တဲ့နေရာကို အမေရိကန်အစိုးရက ယနေ့တိုင် လည်ပတ်ဆောင်ရွက်နေဆဲဖြစ်ပါတယ်။အမေရိကန်အစိုးရက နဗားဒါးမှာ နျူလက်နက်စမ်းသပ်မှုတွေ လုပ်မယ်ဆိုရင် ဝေဖန်ကန့်ကွက်မှုတွေနဲ့လဲ ရင်ဆိုင်ရမှာသေချာပါတယ်။
အမေရိကန်နိုင်ငံဟာ ၁၉၄၅ ခုနှစ် ဇူလိုင်လမှာ နယူးမက္ကဆီကိုပြည်နယ်၊အလာမိုဂေါ်ဒို သဲကန္တာထဲမှာ ပထမဆုံး အဏုမြူဗုံးကိုစမ်းသပ်ခဲ့ပြီး နျူကလီးယားခေတ်ကို ပထမဆုံးချီတက်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ အဲ့ဒီနှစ် ဩဂုတ်လ ဒုတိယကမ္ဘာစစ်အတွင်းမှာ အမေရိကန်က ဂျပန်နိုင်ငံ၊ဟီရိုရှီးမားနဲ့နာဂါဆာကီမြို့တွေကို အဏုမြူဗုံးနှစ်လုံးကြဲချခဲ့ပြီး၊နျူကလီးယားလက်နက်အသုံးပြုခဲ့တဲ့ ကမ္ဘာပေါ်က တစ်ခုထဲသောနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အဏုမြူဗုံးကြောင့် ဟီရိုရှီးမားမှာ လူပေါင်း ၁၄၀,၀၀၀ တစ်သိန်းလေးသောင်းခန့်၊ နာဂါဆာကီမှာ ၇၄,၀၀၀ ခုနှစ်သောင်းလေးထောင်ခန့်သေဆုံးခဲ့ပြီး သေဆုံးမှုအများစုဟာ ချက်ချင်းပေါက်ကွဲမှုဒဏ်၊မီးလောင်ဒဏ်ရာတွေနဲ့ ရောင်ခြည်သင့်မှုတွေကြောင့် သေဆုံးခဲ့ကြတာဖြစ်ပါတယ်။
ခရက်ဒစ်-BBC







Comments