top of page

ဗင်နီဇွဲလားနိုဘယ်ငြိမ်းချမ်းရေးဆုရှင်က ထရမ့်ကို နိုဘယ်ဆုလက်​ဆောင်​ပေး

  • Writer: BVJ
    BVJ
  • Jan 16
  • 1 min read

အေတီ/BVJ_ဇန်နဝါရီ ၁၆၊ ၂၀၂၆

ကြာသပတေးနေ့ကအိမ်ဖြူတော်မှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ သီးသန့်တွေ့ဆုံတဲ့အချိန် သူ့ရဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုတံဆိပ်ကိုပေးအပ်ခဲ့ကြောင်း ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာချာဒိုကပြောပါတယ်။

ဒါပေမယ့် သူရဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုတံဆိပ်ကို ဒေါ်နယ်ထရမ့်ကလက်ခံလား လက်မခံခဲ့ဘူးလားဆိုတာကိုတော့ အသေအချာမသိရပါဘူး။


"ကျွန်မရဲ့နိုဘယ်ငြိမ်းချမ်းရေးဆုကို အမေရိကန်သမ္မတကြီးကိုပေးခဲ့ပါတယ်။ ဒီနေ့ဟာ ကျွန်မတို့ဗင်နီဇွဲလားနိုင်ငံသားတွေအတွက် သမိုင်းဝင်နေ့တနေ့လို့ပြောရမယ်ထင်ပါတယ်"လို့ ဒေါ်နယ်ထရမ့်နဲ့ ပထမဆုံးလူချင်းတွေ့ဆုံမှုအပြီးမှာ မာချာဒိုက သတင်းထောက်တွေကိုပြောခဲ့ပါတယ်။

ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ် မာဒူရိုကို အမေရိကန်အထူးတပ်ဖွဲ့တွေက ဇန်နဝါရီ၃ရက်နေ့မှာ ကာရာကတ်စ်မြို့မှာဝင်ရောက်ဖမ်းဆီးခဲ့တာ သတင်းနှစ်ပတ်နီးပါးကြာလာပြီဖြစ်ပေမယ့် အခုအချိန်ထိ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်မာချာဒိုကို ဒေါ်နယ်ထရမ့်ကတရားဝင်အသိအမှတ် မပြုသေးပါဘူး။ ဒေါ်နယ်ထရမ့်က ပြည်ပမှာရောက်နေတဲ့အတိုက်အခံခေါင်းဆောင် မာချာဒိုကိုအသိအမှတ် ပြုရမယ့်အစား မာဒူရိုလက်ထက်မှာ ဒုသမ္မတတာဝန်ယူခဲ့တဲ့ လက်ရှိဗင်နီဇွဲလား ယာယီသမ္မတနဲ့ပဲ ဆက်ဆံရေးထူထောင်ဖို့ကြိုးစားနေပါတယ်၊၊


ဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံပြီး အိမ်ဖြူတော်ကထွက်လာတဲ့အချိန်မှာလည်း မာချာဒိုက ဒေါ်နယ်ထရမ့်ဟာ ‘သူတို့အားကိုးရမယ့်လူ သူတို့လူ’ ဖြစ်ကြောင်းပြောခဲ့ပါတယ်။


နိုဘယ်ငြိမ်းချမ်းရေးဆုလိုချင်ကြောင်း မကြာခဏထုတ်ပြောလေ့ရှိတဲ့ ထရမ့်က မာချာဒိုနိုဘယ်ဆုချီးမြှင့်ခံရတာ မကျေမနပ်ဖြစ်တဲ့ပုံစံမျိုးဖော်ပြပြီးတဲ့အချိန်မှာ မာချာဒိုက နိုဘယ်ငြိမ်းချမ်းရေးဆုလက်ခံယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။


သူရထားတဲ့နိုဘယ်ဆိုကို ထရမ့်ကိုပေးမယ်လို့ ပြီးခဲ့တပတ်က မာချာဒိုကထုတ်ပြောခဲ့ပြီးနောက်ပိုင်းမှာ ဒီဆုကအခြားသူတစ်ဦးကိုပြန်လွှဲပေးလို့မရဘူးလို့ နိုဘယ်ဆုကော်မတီက တုန့်ပြန်ခဲ့ပါတယ်။


"နိုဘယ်ဆုတစ်ခုချီးမြှင့်ဖို့ဆုံးဖြတ်ပြီးသွားရင် အဲ့ဆုံးဖြတ်ချက်ကအပြီးသတ်ဖြစ်သွားပါပြီ။ ဆုကိုပြန်ရုပ်သိမ်းတာ၊ အခြားသူတစ်ဦးကိုဝေမျှတာ သို့မဟုတ် အခြားသူတွေကိုလွှဲပြောင်းပေးတာတွေ လုပ်လို့မရပါဘူး”လို့ နိုဘယ်ဆုကော်မတီရဲ့ ပြီးခဲ့တဲ့တပတ်ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။


ဒေါ်နယ်ထရမ့်က မာချာဒိုကို "လွတ်လပ်ရေးတိုက်ပွဲဝင်သူ"လို့ အရင်ကပြောခဲ့တာရှိပေမယ့် မာဒူရိုကိုရာထူးကဖယ်ရှားခဲ့ပြီးနောက် မာချာဒိုနဲ့အစားထိုးခန့်ဖို့ကိစ္စကိုငြင်းပယ်ခဲ့ပြီး မာချာဒိုမှာပြည်တွင်းထောက်ခံမှုကောင်းကောင်းမရှိဘူးလို့တောင် အကြောင်းပြခဲ့ပါတယ်။


ဇန်နဝါရီ ၃ ရက်နေ့မှာ မာဒူရိုကိုဖမ်းခေါ်လာပြီးနောက်ပိုင်း ထရမ့်အစိုးရက အမေရိကန်နိုင်ငံရဲ့အ‌ရေးယူပိတ်ဆို့မှုအောက်က ဗင်နီဇွဲလားနိုင်ငံရဲ့ ရေနံလုပ်ငန်း ပြုပြင်ရေးကို အလျင်အမြန်လုပ်ဆောင်ခဲ့ပါတယ်။ ထရမ့်က ဒေါ်လာ သန်း ၅၀၀(ပေါင် ၃၇၃ သန်း)တန်ဖိုးရှိတဲ့ ဗင်နီဇွဲလားရေနံကို အမေရိကန်ကပထမဆုံးအကြိမ်ရောင်းချခဲ့ပြီးပြီလို့ အမေရိကန်အစိုးရအရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့က အတည်ပြုပါတယ်။


အမေရိကန်အရာရှိတွေနဲ့ဆုံဖို့နဲ့ ဗင်နီဇွဲလားနိုင်ငံသံရုံးပြန်လည်ဖွင့်လှစ်ရေးအတွက် ကနဦးခြေလှမ်းအဖြစ် ဗင်နီဇွဲလားအစိုးရသံတမန်တစ်ဦးဟာ ကြာသပတေးနေ့မှာ ဝါရှင်တန်ကိုလာမယ်လို့မျှော်လင့်ရကြောင်း New York Times သတင်းစာကသတင်းဖော်ပြထားပါတယ်။


ထရမ့်နဲ့ဗင်နီဇွဲလား ယာယီသမ္မတ ရိုဒရီဂွက်ဇ်တို့ ဗုဒ္ဓဟူးနေ့ကဖုန်းနဲ့ စကားပြောဆိုခဲ့ပြီးပါပြီ။ထရမ့်က ရိုဒီဂွက်စ်ဟာ အလွန်ကောင်းတဲ့သူလို့ပြောခဲ့သလို၊ ရိုဒရီဂွက်ဇ်ကလည်း အဆိုပါဖုန်းခေါ်ဆိုမှုဟာထိရောက်ပြီး အလုပ်ဖြစ်ခဲ့တယ်လို့ပြောခဲ့ပြီး ထရမ့်ကိုလည်းအပြန်အလှန်လေးစားမှုရှိတဲ့လူလို့ ချီးကျူးခဲ့ပါတယ်။

ခရက်ဒစ်-ဘီဘီစီ


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page