ထရမ့်က ကုလသမဂ္ဂစင်မြင့်ထက်ကနေ လန်ဒန်မြို့တော်ဝန်ကို ဝေဖန်တိုက်ခိုက်
- BVJ
- Sep 24
- 1 min read
အေတီ/BVJ_စက်တင်ဘာ ၂၄၊ ၂၀၂၅

လန်ဒန်ကလူတွေက ရှရီယာဥပဒေနဲ့အုပ်ချုပ်နေချင်ကြတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကုလသမဂ္ဂမှာပြောတဲ့ မိန့်ခွန်းထဲမှာထည့်ပြောပါတယ်။
အင်္ဂါနေ့က နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံမှာပြောတဲ့ ဒေါ်နယ်ထရမ့်ရဲ့မိန့်ခွန်းထဲမှာ လန်ဒန်မြို့တော်ဝန်ဆာဒစ်ခန်ကိုထပ်မံတိုက်ခိုက်ခဲ့ပြီး ကုလသမဂ္ဂကိုလည်းခိုလှုံခွင့်တောင်းခံသူတွေကို အကူအညီပေးနေတယ်ဆိုပြီး ဝေဖန်အပြစ်တင်ခဲ့ပါတယ်။
“လန်ဒန်ကိုကြည့်လိုက်ရင် သူတို့မှာတော်တော်ဆိုးတဲ့ မြို့တော်ဝန်တစ်ယောက်ရှိနေတာတွေ့ရတယ်။အဲ့ဒါကြောင့် အဲ့ဒီမှာအပြောင်းအလဲတွေအများကြီးဖြစ်နေပြီ။အခုဆိုသူတို့က ရှရှီယာဥပဒေနဲ့တောင်အုပ်ချုပ်ချင်နေကြပြီ။ကုလသမဂ္ဂကလဲ ကျွန်တော်တို့နိုင်ငံထဲ အစိုင်လန်တင်တဲ့သူတွေရောက်လာဖို့ အကူညီပေးနေတယ်” လို့ ဒေါ်နယ်ထရမ့်ကပြောပါတယ်။ထရမ့်ပြောတဲ့ ရှရီယာဥပဒေဆိုတာ အစ္စလာမ်ဘာသာရဲ့ အုပ်ချုပ်ရေးဥပဒေစနစ်တစ်ခုဖြစ်ပါတယ်။
ထရမ့်ရဲ့တယူသန်စွပ်စွဲချက်တွေကို တုန့်ပြန်မယ်ဆိုရင် ဂုဏ်သိက္ခာမရှိတဲ့ပုံစံမျိုးဖြစ်သွားနိုင်လို့ သူတို့အနေနဲ့တုန့်ပြန်ဖို့အစီအစဥ်မရှိကြောင်း လန်ဒန်မြို့ တော်ဝန်ဆာဒစ်ခန်ရဲ့ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီကိုပြောပါတယ်။ပြီးတော့လန်ဒန်ဟာ အမေရိကန်ကမြို့ကြီးတွေထက် ပိုလုံခြုံပြီး၊အမေရိကန်နိုင်ငံသားတွေ လန်ဒန်ကိုအများကြီးပြောင်းရွှေ့လာကြတဲ့အတွက်လည်းဝမ်းသာမိကြောင်း ထပ်ဖြည့်ပြောပါတယ်။
မူဆလင်တွေ အမေရိကန်နိုင်ငံကိုလာလည်တာတားမြစ်သင့်တယ်လို့ ထရမ့်ကပြောတာကို ၂၀၁၅ခုနှစ်မှာ လန်ဒန်မြို့တော်ဝန်ဆာဒစ်ခန်းကရှုတ်ချခဲ့ပြီးနောက်ပိုင်း ဒေါ်နယ်ထရမ့်က ဆာဒစ်ခန်းကိုဝေဖန်တိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့တပါတ်ကထရမ့်ရဲ့ ယူကေနိုင်ငံတော်အဆင့်ခရီးစဥ်မှာလည်း ဆာဒစ်ခန်းကို "ကမ္ဘာ့အဆိုးဆုံး မြို့တော်ဝန်တွေထဲကတစ်ယောက်"လို့ပြောခဲ့ပြီး ယူကေဘုရင်ကဖိတ်တဲ့ သူတက်မယ့်ဝင်ဆာရဲတိုက် ဧည့်ခံပွဲကိုလည်း ဆာဒစ်ခန်းကိုမဖိတ်ဖို့တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် ဆာဒစ်ခန်းကတော့ သူ့အနေနဲ့လက်ရှိအချိန်မှာ ဒေါ်နယ်ထရမ့်ကိုလစ်လျူရူထားပြီး ဒေါ်နယ်ထရမ့်ကိစ္စထက် ပိုအရေးကြီးတာတွေဖြေရှင်းဖို့ရှိနေတယ်လို့ပြောထားပါတယ်။

ဝင်ဆာရဲတိုက်မှာလုပ်တဲ့ဧည့်ခံပွဲကို ဆာဒစ်ခန်းတက်တာမတွေ့ရတဲ့အတွက် သူ့ကိုမဖိတ်လို့မတက်ရတာလား၊သူကမတက်တာလားဆိုတာကတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။လန်ဒန်မြို့တော်ဝန်ဆာဒစ်ခန်းနဲ့နီးစပ်သူတစ်ဦးက ထရမ့်ရဲ့နိုင်ရေးက "ကြောက်ရွံ့မှုနှင့်ကွဲပြားမှု"ကို လိုက်ဖြန့်နေတာလို့ပြောပါတယ်။
၂၀၁၉ခုနှစ်ကလည်း ထရမ့်ကဆာဒစ်ခန်းကို ခံစားမှုမရှိတဲ့အရှုံးသမားလို့ပြောခဲ့ပြီး ဆာဒစ်ခန်းကထရမ့်ကို လက်ယာစွန်းနိုင်ငံရေးအယူအဆလှုံ့ဆော်နေတဲ့သူလို့ တုန့်ပြန်ခဲ့ပါတယ်။
ဆာဒစ်ခန်းကိုထရမ့်က ကုလသမဂ္ဂကနေနောက်ဆုံးတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လန်ဒန်ကလေဘာအမတ်တွေက ဆာဒစ်ခန်းဘက်ကရပ်တည်ပြီးတုန့်ပြန်ခဲ့ကြပါတယ်။တချို့အမတ်တွေက ယူကေမှာရှိတဲ့အမေရိကန်သံအမတ်ကိုခေါ် ပြောသင့်တယ်လို့ တိုက်တွန်းနေကြပါတယ်။
“လန်ဒန်က ရှာရီယာဥပဒေပြဌာန်းဖို့ကြိုးစားနေတာမဟုတ်ဘူး။ ဒါပေမယ့် လန်ဒန်မြို့တော်ဝန်က ဂုဏ်သိက္ခာရှိရှိ၊ မတူကွဲပြားတဲ့နောက်ခံတွေနဲ့မတူကွဲပြားတဲ့ သဘောထားအမြင်တွေအတွက်ရပ်တည်နေတဲ့သူ၊သယ်ယူပို့ဆောင်ရေး၊ လေကြောင်း၊ကျွန်တော်တို့ လမ်းတွေ ၊ကျွန်တော်တို့လုံခြုံရေးကိစ္စတွေ၊ကျွန်တော်တို့ရွေးချယ်မှုတွေနဲ့ ကျွန်တော်တို့အခွင့်အလမ်းတွေအတွက် အာရုံစိုက်ပေးနေတဲ့သူ “လို့ ယူကေအစိုးရကျန်းမာရေးဝန်ကြီး Wes Streetingက ဆာဒစ်ခန်းဘက်ကရပ်တည်တု့န်ပြန်ထားပါတယ်။
Ref: BBC
Comments