top of page

ဆန္ဒပြပွဲတွေကိုနှိမ်နင်းနေတဲ့အီရန်အစိုးရကို စစ်ရေးအရအရေးယူမယ်လို့ ထရမ့်ခြိမ်းခြောက်

  • Writer: BVJ
    BVJ
  • 11 hours ago
  • 1 min read

အေတီ/BVJ_ ဇန်နဝါရီ ၁၃၊ ၂၀၂၆

အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ လူငါးရာအထိသေဆုံးသွားအောင်ဖြိုခွင်းခဲ့တဲ့ အီရန်အစိုးရရဲ့ ရက်စက်မှုတွေရပ်တန့်သွားအောင် လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်ရေးအရအရေးယူမှုတွေပြုလုပ်ရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်နေပါတယ်။


အီရန်ဟာ စစ်ပွဲကိုရင်ဆိုင်ဖို့အသင့်ရှိနေပေမယ့် တဖက်မှာလည်းအမေရိကန်အစိုးရနဲ့ဆွေးနွေးဖို့အသင့်ရှိနေကြောင်း အီရန်အစိုးရဘက်ကလူတွေက ဇန်နဝါရီ၁၂ရက်နေ့ကပြောပါတယ်။


ဇန်နဝါရီ ၁၃ ရက် ဒီနေ့မှာထရမ့်ကသူ့ရဲ့အကြီးတန်းအကြံပေးအရာရှိတွေနဲ့ အီရန်ကိစ္စဆွေးနွေးဖို့အစီအစဥ်ရှိတယ်လို့ သိရပါတယ်။ထရမ့်လုပ်နိုင်တဲ့ကိစ္စတွေထဲမှာ စစ်ရေးတိုက်ခိုက်မှုတွေ၊ ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ ပိတ်ဆို့မှုတွေတိုးမြှင့်တာတွေပါဝင်နိုင်တယ်လို့ The Wall Street Journalကဖော်ပြထားပါတယ်။


"စစ်တပ်ကအခြေအနေစောင့်ကြည့်နေတယ်။ ကျွန်တော်တို့ကလည်း အလွန်ပြင်းထန်တဲ့အရေးယူတိုက်ခိုက်မှုတွေလုပ်ဖို့ စောင့်ကြည့်နေပါတယ်”လို့ ထရမ့်က ဇန်နဝါရီ ၁၁ ရက်နေ့က Air Force One လေယာဉ်နဲ့ခရီးသွားနေတဲ့အချိန်မှာ သတင်းထောက်တွေကိုပြောပါတယ်။

ငွေကြေးစနစ်ပြိုလဲမှုကနေ ကုန်စျေးနှုန်းတွေအဆမတန်မြင့်တက်လာမှုကြောင့် ဒီဇင်ဘာ ၂၈ရက်နေ့ကစပြီး အီရန်နိုင်ငံအတွင်းမှာအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။တိုင်းပြည်မတည်မငြိမ်မသက်ဖြစ်အောင် ဒီဆန္ဒပြပွဲတွေကို အမေရိကန်အစိုးရကနောက်ကွယ်ကဖန်တီးနေတာလို့ အီရန်အစိုးရက စွပ်စွဲနေပါတယ်။

ပြီးခဲ့တဲ့ ၁၁ရက်အတွင်း ပြည်နယ် ၃၁ခုရှိ မြို့ပေါင်း ၁၁၁မြို့က တက္ကသိုလ် ၄၅ခု အပါအဝင် နေရာပေါင်း ၃၄၈ ခုမှာဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ သတင်းဌာနတွေကထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ကြာသပ‌တေးနေ့နဲ့သောကြာနေ့ဆန္ဒပြပွဲတွေမှာ လူတွေအများဆုံးပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။


ဆန္ဒပြပွဲတွေအတွင်း အီရန်လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁၄ ဦးအပါအဝင် လူ၅၀၀ ကျော်သေဆုံးခဲ့တာကြောင့် ၂၀၂၂ခုနှစ်နောက်ပိုင်း အီရန်မှာအကြီးမားဆုံး ဆန္ဒပြပွဲဖြစ်ပါတယ်။ဒါပေမယ့် ဆန္ဒပြပွဲတွေမှာသေဆုံးတဲ့အရေအတွက်ကို အီရန်အစိုးရက တရားဝင်မထုတ်ပြန်ပါဘူး။


ဇန်နဝါရီ ၈ရက်နေ့ကစပြီး အီရန်အစိုးရကအင်တာနက်ဖြတ်တောက်မှုတွေလုပ်ခဲ့တာကြောင့် နိုင်ငံအတွင်းဆက်သွယ်ရေးတွေ အကြီးအကျယ်ပြတ်တောက်သွားနေပါတယ်။ ပြီးတော့ သတင်းအချက်အလက်စီးဆင်းမှုတွေလည်း လုံးဝနီးပါးရပ်တန့်နေပါတယ်။


ထရမ့်ဟာ သူ့ရဲ့ သမ္မတဒုတိယကာလအတွင်းမှာ အီရန်၊ ဂရင်းလန်း၊ နိုင်ဂျီးရီးယား၊ ဆိုမာလီယာ၊ ဆီးရီးယား၊ ဗင်နီဇွဲလားနဲ့ ယီမင်အပါအဝင် အခြားနိုင်ငံအရေးတွေမှာ တိုက်ရိုက်ဝင်ရောက်စွက်ဖက်တာတွေ သို့မဟုတ် ဝင်ရောက်စွက်ဖက်ဖို့ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page