top of page

ထရမ့်ရဲ့တိုက်တွန်းမှုကြောင့် ဘာလိုဂန်ရဲ့အနီကတ်ပြစ်ဒဏ်ကိုဆိုင်းငံ့လိုက်တဲ့ ဖီဖာရဲ့ဆုံးဖြတ်ချက်အပေါ် အငြင်းပွားမှုတွေရှိနေ

  • Writer: BVJ
    BVJ
  • Jul 7
  • 1 min read

အီးကေ/BVJ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့တိုက်တွန်းချက်ကြောင့် ဖီဖာ(FIFA)က အမေရိကန်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်ရဲ့အနီကတ်ပြစ်ဒဏ်ကိုဆိုင်းငံ့ ပေးလိုက်တဲ့အပေါ် ဘောလုံးလောကအတွင်းမှာ ဝေဖန်မှုတွေမြင့်တက်နေပါတယ်။ဒါ့အပြင် တချိန်တည်းမှာပဲ ဖီဖာအနေနဲ့ထရမ့်ကျေနပ်အောင်သူတို့ချမှတ်ထားတဲ့စည်းမျဉ်းတွေကို ပြင်ဆင်ပေးလိုက်တယ်ဆိုတဲ့စွပ်စွဲချက်တွေလည်း ထွက်ပေါ်လာပါတယ်။


ဗုဒ္ဓဟူးနေ့ကကစားခဲ့တဲ့ ဘော့စနီးယားကိုအနိုင်ရရှိခဲ့ပွဲမှာ အနီကတ်ပြခံခဲ့ရတဲ့ ဘာလိုဂန်ဟာ ဒီနေ့တနင်္လာနေ့ဘယ်လ်ဂျီယံနဲ့ကစားမယ့် ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်မှာပါဝင်ကစားခွင့်ရရှိသွားပါပြီ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖီဖာဥက္ကဋ္ဌ ဂျီအန်နီ အင်ဖန်တီနိုကိုအဲ့ဒီကိစ္စကိုပြန်လည်သုံးသပ်ပေးဖို့ ဖုန်းခေါ်ဆိုတိုက်တွန်းခဲ့ပြီးနောက် ဖီဖာကအလိုအလျောက်ပွဲပယ်ပြစ်ဒဏ်ကို ဆိုင်းငံ့ပေးလိုက်တာဖြစ်ပါတယ်။


ဒီဆုံးဖြတ်ချက်ကြောင့် ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်၊ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)၊ ဖီဖာအကြီးအကဲဟောင်းတွေ၊ နာမည်ကျော်ကစားသမားဟောင်းတွေအပါအဝင် ဘောလုံးလောကကလူတွေဆီကနေ ဝေဖန်မှုတွေများစွာထွက်ပေါ်လာပါတယ်။ နိုင်ငံရေးအရ တိုက်ရိုက်ဝင်ရောက်စွက်ဖက်မှုကြောင့် အနီကတ်ပြစ်ဒဏ်ကိုဖျက်သိမ်းခြင်းဟာ ဘောလုံးပြိုင်ပွဲဂုဏ်သိက္ခာကိုထိခိုက်စေပြီး အန္တရာယ်ရှိတဲ့စံနမူနာသစ်တစ်ခုဖြစ်လာလိမ့်မယ်လို့လည်း ဝေဖန်သူတွေကထောက်ပြကြပါတယ်။


ဘာလိုဂန် ဘာလို့အနီကတ်ပြခံရတာလဲ

ဘာလိုဂန်ဟာ ဘော့စနီးယားကစားသမား တာရစ် မူဟာရီမိုဗစ်ရဲ့ခြေကျင်းဝတ်ကိုနင်းမိတာကြောင့် ဗီဒီယိုလက်ထောက်ဒိုင် (VAR)စစ်ဆေးမှုအပြီးမှာ အနီကတ်ပြခံရတာဖြစ်ပါတယ်။ အမေရိကန်နည်းပြ မော်ရစ်စီယို ပိုချက်တီနိုကဒီကိစ္စဟာ အနီကတ်ပြလောက်တဲ့အမှားမဟုတ်ဘူးလို့ပြောခဲ့ပေမယ့် ပွဲကြည့်သူတွေနဲ့ဝေဖန်သူတွေကြားမှာ ဒီအနီကတ်နဲ့ပတ်သက်ပြီးအငြင်းပွားမှုတွေရှိခဲ့ပါတယ်။


ဖီဖာရဲ့ ရှင်းပြချက်

ကမ္ဘာ့ဘောလုံးအဖွဲ့ ဖီဖာကစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းအပိုဒ် (၂၇)ကိုကိုးကားပြီး ဘာလိုဂန်ရဲ့အနီကဒ်အပြစ်ဒဏ်ကိုဆိုင်းငံ့‌ပေးလိုက်တာဖြစ်ပါတယ်။ဒီစည်းမျဉ်းအရ တရားစီရင်ရေးအဖွဲ့ဟာ စည်းကမ်းထိန်းသိမ်းရေး အစီအမံတွေကို အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်းဆိုင်းငံ့ပေးနိုင်ကြောင်းဖော်ပြထားပါတယ်။


အရင်က ဖြစ်ရပ်များ

၁၉၆၂ ကမ္ဘာ့ဖလားမှာ ဘရာဇီးကစားသမား ဂါရင်ချာအနီကတ်ပြခံရပြီးနောက် ပြစ်ဒဏ်ပေးခြင်းမခံရဘဲ နောက်ပွဲစဉ်မှာကစားခွင့်ရခဲ့တဲ့ဖြစ်ရပ်မျိုးရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲ့ဒီတုန်းကစည်းမျဉ်းက အခုဟာနဲ့ကွာခြားပါတယ်။ မကြာသေးခင်က ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ပြစ်ဒဏ်ကို ဖီဖာကဆိုင်းငံ့ပေးခဲ့တဲ့ ဖြစ်ရပ်မျိုးရှိပေမယ့် အခုလိုနိုင်ငံရေးအရဖိအားပေးမှုနဲ့ဆက်စပ်ပြီး ဆုံးဖြတ်ချက်ကိုပြောင်းလဲမှုဖြစ်တာကတော့ အလွန်ရှားပါးပါတယ်။


ဝေဖန်မှုများ

ဒီနေ့ အမေရိကန်နဲ့ကစားရမယ့် ဘယ်လ်ဂျီယံအသင်းရဲ့ဘောလုံးအဖွဲ့ချုပ်ကတော့ သူတို့အခွင့်အရေးကိုကာကွယ်ဖို့နည်းလမ်းပေါင်းစုံရှာဖွေနေကြောင်း၊ ဖီဖာရဲ့လုပ်ရပ်ဟာ "အံ့ဩစရာ"ဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံ နည်းပြ ရူဒီ ဂါစီယာက ဖီဖာရုံးခန်းထဲကနေ ဧပရယ်ဖူးလုပ်နေတာများလားလို့တောင်ထင်မိတယ်လို့ လှောင်ပြောပြောခဲ့ပါတယ်။


UEFA ဥရောပ‌ဘောလုံးအဖွဲ့ချုပ်ကလည်း "မယုံကြည်နိုင်စရာ၊ နားလည်ရခက်ပြီး မျှတမှုမရှိတဲ့" ဆုံးဖြတ်ချက်လို့ဝေဖန်ခဲ့ပါတယ်။ ဖီဖာဥက္ကဋ္ဌဟောင်း စပ်ဘလတ်တာကလည်း "အနီကတ်တွေကိုနိုင်ငံရေးအရ ဖုန်းခေါ်ဆိုမှုတွေနဲ့ ပြောင်းလဲလို့မရပါဘူး။ စည်းမျဉ်းတွေနဲ့ အထောက်အထားတွေနဲ့သာ ပြောင်းလဲရမှာပါ" လို့ X (ယခင် Twitter)မှာရေးသားခဲ့ပါတယ်။


အင်္ဂလန်နည်းပြ သောမတ်စ် တူဟယ်လ်ကလည်း "ဒါက ထူးဆန်းပါတယ်။ ဘယ်လိုအကြောင်းပြချက်နဲ့ ဒီဆုံးဖြတ်ချက်ကိုချတာလဲ။ နောက်တစ်ကြိမ်အဲ့လိုဖြစ်လာရင်ကော ဘယ်လိုလုပ်မှာလဲ"လို့မေးခွန်းထုတ်ခဲ့ပါတယ်။


နောက်ဆုံးအခြေအနေ

ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်က ဖီဖာရဲ့အခုလိုဆုံးဖြတ်ချက်ချရတဲ့အကြောင်းရင်းကိုရှင်းပြပေးဖို့တောင်းဆိုခဲ့ပေမယ့် ဖီဖာကသူတို့တောင်းဆိုချက်ကိုပယ်ချခဲ့ပါတယ်။ ဖီဖာအနေနဲ့ တရားဝင်ရှင်းပြချက်တစ်စုံတစ်ရာမပေးခဲ့ဘဲဆုံးဖြတ်လိုက်တဲ့အခုကိစ္စကနေ ကမ္ဘာ့ဖလားသမိုင်းမှာ အကြီးမားဆုံးအငြင်းပွားဖွယ်ဖြစ်ရပ်တွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။

ခရက်ဒစ် _ Al Jazeera

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page