"အချိန်မနှောင်းခင် သဘောတူညီချက်တခုခုယူထားဖို့"ကျူးဘားကို ထရမ့် သတိပေး
- BVJ

- 1 day ago
- 1 min read
အေတီ/BVJ_ဒီဇင်ဘာ ၁၂၊ ၂၀၂၆

သဘောတူညီချက်တခုခုယူထားဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကျူးဘားကိုတိုက်တွန်းလိုက်ပြီး သဘောတူညီချက်ယူမထားဘူးဆိုရင် ရေနံနဲ့ ငွေကြေးစီးဆင်းမှုရပ်တန့်သွားမယ့် အကျိုးဆက်တွေရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။
ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ် မာဒူရိုကို မြို့တော်ကာရာကတ်စ်မှာ ဇန်နဝါရီ လ ၃ရက်နေ့ကဝင်ရောက်စီနင်းဖမ်းဆီးဖို့အမိန့်ပေးခဲ့တဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အာရုံစူးစိုက်မှုဟာ အခုအခါကျူးဘားဘက်လှည့်လာပြီဖြစ်ပါတယ်။
ကျူးဘားက သူ့ရဲ့ရေရှည်မဟာမိတ်နိုင်ငံ ဗင်နီဇွဲလားကနေတနေ့ကိုရေနံစည်ပေါင်း ၃၅၀၀၀ခန့်တင်ပို့နေတယ်လို့ယူဆရပါတယ်။သူ့နိုင်ငံရဲ့ လောင်စာတင်သွင်းခွင့်ကို ဘယ်နိုင်ငံကဝင်ရောက်စွက်ဖက်ခွင့်မရှိသလို သူတို့ဘာလုပ်ရမယ်ဆိုတာကိုလည်း ဘယ်သူကမှအမိန့်ပေးခွင့်မရှိကြောင်း ကျူးဘားနိုင်ငံခြားရေးဝန်ကြီးက ဒေါ်နယ်ထရမ့်ရဲ့ ပြောကြားမှုကို ပြန်တုန့်ပြန်ပါတယ်။
ဒါပေမယ့် ဗင်နီဇွဲလားရေနံတင်သင်္ဘောတွေ ပိတ်ဆို့အရေးယူဖမ်းဆီးနေတဲ့ ထရမ့်အစိုးရဲ့ နည်းဗျူဟာကြောင့် ကျူးဘားနိုင်ငံရဲ့လောင်စာဆီနဲ့လျှပ်စစ်ဓာတ်အား အကျပ်အတည်းတွေပိုမိုဆိုးရွားလာပြီဖြစ်ပါတယ်။ပိတ်ဆို့အရေးယူထားတဲ့ဗင်နီဇွဲလားက ရေနံတွေတင်ဆောင်လာတယ်ဆိုတဲ့ ပဉ္စမမြောက်ရေနံတင်သင်္ဘောကို အမေရိကန်စစ်တပ်က သောကြာနေ့မှာဖမ်းဆီးခဲ့ပါတယ်။
"ကျူးဘားနိုင်ငံဟာ ဗင်နီဇွဲလားက ရေနံနှင့်ငွေကြေးအမြောက်အမြားကို နှစ်ပေါင်းများစွာအမှီပြုနေပါတယ်။ အပြန်အလှန်အားဖြင့် ကျူးဘားဘက်ကလည်း ဗင်နီဇွဲလားအာဏာရှင်နှစ်ဦးအတွက်'လုံခြုံရေးဝန်ဆောင်မှုတွေ'ပြန်ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒါတွေအခုထပ်လုပ်လို့မရတော့ဘူး"လို့ တနင်္ဂနွေနေ့မှာ ထရမ့်က သူ့ရဲ့Truth Social မီဒီယာပေ့ချ်မှာဖော်ပြထားပါတယ်။
"ကျူးဘားကို ရေနံ ဒါမှမဟုတ် ငွေကြေးတွေ နောက်ထပ်ထပ်ပြီးစီးဆင်းခွင့်မပြုတော့ဘူး။ အချိန်မနှောင်းခင် သဘောတူညီချက်တခုခုရယူထားဖို့ အထူးအကြံပြုလိုပါတယ်"
ဘယ်လိုသဘောတူညီချက်တွေယူရမယ် ဒါမှမဟုတ်မလိုက်နာရင် ကျူးဘားအနေနဲ့ ဘယ်လိုအကျိူးဆက်တွေရင်ဆိုင်ရမလဲဆိုတာကိုတော့ ထရမ့်က တိတိကျကျဘာမှမပြောသေးပါဘူး။ ဒါပေမယ့်ကျူးဘားနိုင်ငံအနေနဲ့ သူတို့ဆန္ဒအလျှောက် ဘယ်သူဆီကဖြစ်ဖြစ်တင်ပို့ခွင့်ရှိပြီး အမေရိန်ကန်ပြည်ထောင်စုရဲ့ အတင်းအကျပ်ဝင်ရောက်စွက်ဖက်မှုတွေကိုလည်း လက်ခံမှာမဟုတ်ဘူးလို့ ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနို ရိုဒရီဂွက်ဇ်ကတုန့်ပြန်ထားပါတယ်။
အမေရိကန်ရဲ့တိုက်ခိုက်မှုက ဗင်နီဇွဲလားအလှည့်ပြီးရင်ဘယ်နိုင်ငံရဲ့အလှည့်ရောက်လာမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်နေရပြီး အာတိတ်ဒေသက ဒိန်းမတ်နိုင်ငံပိုင်နက် ဂရင်းလန်းကျွန်းကို အမေရိကန်ကရယူသင့်တယ်လို့ သမ္မတထရမ့်က ဇန်နဝါရီ၁၀ရက်နေ့ ထပ်ပြီးပြောထားပါတယ်။
ခရက်ဒစ်-BBC







Comments