top of page

ဒေါ်နယ်ထရမ့်နဲ့ပူတင် ဟန်ဂေရီမှာတွေ့ဆုံဖို့ သဘောတူ

  • Writer: BVJ
    BVJ
  • Oct 17
  • 1 min read

အီးကေ/BVJ_အောက်တိုဘာ ၁၇၊ ၂၀၂၅

ree

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ရုရှားသမ္မတပူတင်တို့ ဒုတိယအကြိမ်မြောက်တွေ့ဆုံမှုအဖြစ် ဟန်ဂေရီနိုင်ငံမှာတွေ့ဆုံဆွေးနွေးဖို့ သဘောတူလိုက်ပါပြီ။မနေ့ ကြာသာပတေးနေ့က သူတို့နှစ်ဦးဖုန်းနဲ့ဆွေးနွေးပြီးနောက် တွေ့ဆုံဖို့သဘောတူလိုက်တာဖြစ်ပါတယ်။


ဖုန်းနဲ့ဆက်သွယ်စကားပြောဆွေးနွေးဖို့ ရုရှားဘက်က စတင်အဆိုပြုခဲ့တာဖြစ်ပြီး၊ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့မှာတွေ့ဆုံကြဖို့ကိုတော့ အမေရိကန်သမ္မတ‌ဒေါ် နယ်ထရမ့်က အကြံပြုခဲ့တာတာဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့အကြံပြုချက်ကို ရုရှားသမ္မတပူတင်ကချက်ချင်းသဘောတူခဲ့တယ်လို့ ရုရှားအစိုးရ နိုင်ငံခြားရေးမူဝါဒရေးရာအကြံပေး Yuri Ushakov ကပြောပါတယ်။


ဒေါ်နယ်ထရမ့်နဲ့ပူတင်ဟာ အခုနှစ်သြဂုတ်လလယ်နောက်ပိုင်း ပထမဆုံးအကြိမ်တိုက်ရိုက်ဖုန်းပြောခဲ့ကြတာဖြစ်ပါတယ်။ဒီဖုန်းပြောဆိုမှုဟာ အလုပ်ဖြစ်တဲ့ဖုန်းပြောဆိုမှုတစ်ခုလို့ သမ္မတဒေါ်နယ်ထရမ့်ကပြောခဲ့ပြီး ဟန်ဂေရီမှာတွေ့ဆုံဖို့သဘောတူထားတယ်လို့ အတည်ပြုပါတယ်။သူတို့နှစ်ဦး တွေ့မယ့်ရက်အတိအကျကိုတော့ ဒေါ်နယ်ထရမ့်ဘက်က အတည်မပြုသေးပေမယ့် ထိပ်သီးဆွေးပွဲအမြန်စနိုင်ဖို့ ပြင်ဆင်နေပြီလို့ ရုရှားအစိုးရဘက်က ပြောပါတယ်။


ဒေါ်နယ်ထရမ့်နဲ့ ပူတင်တို့ရဲ့လူချင်းတွေ့ဆုံကြမယ့် ဒီတွေ့ဆုံမှုဟာ ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတရာထူးစယူတဲ့ ဇန်နဝါရီလနောက်ပိုင်း ဒုတိယမြောက်တွေ့ဆုံမှုဖြစ်ပါတယ်။ယခုနှစ်သြဂုတ်လက အမေရိကန်မြေ အလက်စကားမှာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် သူတို့နှစ်ဦး ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကြပါတယ်။

ree

အမေရိကန်အစိုးရအဖွဲ့နဲ့ ရုရှားအစိုးရအဖွဲ့တို့ကအဆင့်မြင့်အကြံပေးအရာရှိတွေ လာမယ့်အပတ်မှာတွေ့ဆုံကြဖို့ကိုလည်း ထရမ့်နဲ့ပူတင်တို့သဘောတူခဲ့ကြပါတယ်။အမေရိကန်အစိုးရကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီး မာကိုရှုဘီယိုကဦးဆောင်မှာဖြစ်ပါတယ်။


ထရမ့်နဲ့ပူတင်ဖုန်းပြောနေတဲ့အချိန်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုနဲ့ ဒုသမ္မဂျေဒီဗန့်တို့ လည်းဘေးနားမှာရှိနေတယ်လို့ အိမ်ဖြူတော်သတင်းပြန်ကြားရေးမှူး ကာရိုလိုင်းလီဗစ်က ပြောပါတယ်။ ယူကရိန်းစစ်ပွဲပြီးသွားရင် ရုရှားနဲ့အမေရိကန်ကြားပြုလုပ်မယ့် ကုန်သွယ်ရေးကိစ္စတွေ ပူတင်နဲ့ဆွေးနွေးခဲ့ကြောင်း ထရမ့်က သူ့ရဲ့ Truth ဆိုရှယ်မီဒီယာအကောင့်ကနေပြောပါတယ်။


ယူကရိန်းသမ္မတ ဗလာဒီမာဇာလန်စကီး အိမ်ဖြူတော်ကို ရောက်မလာမီတစ်ရက်အလိုမှာ အဆိုပါဖုန်းခေါ်ဆိုမှုဖြစ်ခဲ့တာပါ။ယူကရိန်းသမ္မတနဲ့ အမေရိကန်သမ္မတတို့ ဒီနေ့ အိမ်ဖြူတော်မှာ တွေ့ဆုံဖို့ရှိပါတယ်။ ဇာလန်စကီးနဲ့တွေ့တဲ့အချိန်မှာ ပူတင်နဲ့ဖုန်းပြောခဲ့ရတဲ့ကိစ္စတွေကို ပြန်ပြောပြမယ်လို့ ဒေါ်နယ်ထရမ့်ကပြောပါတယ်။


ယူကရိန်းသမ္မတဇာလန်စကီးရဲ့ အခုအမေရိကန်ခရီးစဥ်ဟာ ရုရှားနိုင်ငံအတွင်းထိရောက်အောင်ပစ်နိုင်တဲ့ တိုမာဟော့်ခ်ဒုံးကျည်တွေ အမေရိကန်သမ္မတ‌ဒေါ်နယ်ထရမ့်ထံကရအောင်တောင်းဆိုဖို့ဖြစ်ပါတယ်။


“အမေရိကန်က တိုမာဟော့ခ်ဒုံးတွေပေးတော့မယ်လို့ ကြားလိုက်တာနဲ့ပဲ ရုရှားက တွေ့ဆုံဆွေးနွေးဖို့ သဘောတူလိုက်ပြီ”လို့ အမေရိကန်မြေပေါ်မှာရောက်နေတဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးကပြောပါတယ်။

ယူကရိန်းက လိုချင်နေတဲ့ ဒုံးကျည်တွေပေးမယ်ဆိုရင် အမေရိကန်နဲ့ရုရှားနဲ့ကြားက ဆက်ဆံရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေ ထိခိုက်သွားနိုင်တယ်လို့ ထရမ့်နဲ့ဖုန်းပြောတဲ့အချိန်မှာ ပူတင်ကသတိပေးခဲ့တယ်လို့ ရုရှားအစိုးရ နိုင်ငံခြားရေးမူဝါဒရေးရာအကြံပေး Yuri Ushakovက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။


ဒါ့အပြင် အစ္စရေးနဲ့ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေးကို အခုသီတင်းပတ်အစောပိုင်းက ကြားဝင်ဆောင်ရွက်ပေးခဲ့တဲ့အတွက် ဒေါ်နယ်ထရမ့်ကို ရုရှားသမ္မတပူတင်ကချီးကျူးခဲ့ပြီး၊အိုးမဲ့အိမ်နဲ့ဖြစ်နေတဲ့ ယူကရိန်းက ကလေးငယ်တွေနဲ့မိသားစုပြန်လည်ပေါင်းစည်းရေးလုပ်ဆောင်ပေးခဲ့တဲ့ ထရမ့်ရဲ့ဇနီး မယ်လာနီယာထရမ့်ရဲ့ ကြိုးပမ်းမှုကိုလည်း ချီးကျူးခဲ့ပါတယ်။

နောက်ပိုင်းမှာ ဒေါ်နယ်ထရမ့်က ရုရှားသမ္မပူတင်နဲ့ နှစ်ပတ်အတွင်းမှာတွေ့မယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။


ဟန်ဂေရီ၀န်ကြီးချုပ် Viktor Orbanက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတပူတင်တို့ ဘူဒါပက်စ်မြို့မှာတွေ့ဆုံကြမယ့် ထိပ်သီးဆွေးနွေးပွဲဟာ"ကမ္ဘာ့ငြိမ်းချမ်း ရေးကို မြတ်နိုးသူများအတွက်သတင်းကောင်း" ပဲလို့ X မီဒီယာက တဆင့်ပြောပါတယ်။


ယူကရိန်းသမ္မတဇာလန်းစကီးနဲ့ ဒေါ်နယ်ထရမ့်မတွေ့ခင်ရက်ပိုင်းအတွင်း ပူတင်ကဒေါ် နယ်ထရမ့်နဲ့ ဖုန်းပြောဖို့ ကမ်းလှမ်းတာဟာ အမေရိကန်က ယူကရိန်းလက်ထဲ တိုမာဟော့ခ်ဒုံးကျည်တွေပေးလိုက်မှာ ရုရှားဘက်က စိုးရိမ်တဲ့အချက်က အဓိကအချက်ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ခန့်မှန်းနေကြပါတယ်။


ခရက်ဒစ်:BBC


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page