ထိုင်းနဲ့ကမ္ဘောဒီးယားတိုက်ပွဲ အခြေအနေ
- BVJ

- 5 days ago
- 1 min read
• ထိုင်းဘက်က F16 ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကမ္ဘောဒီးယားဘက်က ဒုံးကျည်တွေနဲ့ပြန်ပစ်
အေတီ/BVJ_ ဒီဇင်ဘာ ၈၊ ၂၀၂၅

ကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံကြား တိုက်ပွဲတွေပြန်ဖြစ်နေတာကြောင့် အနည်းဆုံး ၅ဦးသေဆုံးပြီး နှစ်နိုင်ငံနယ်စပ်မှာနေထိုင်နေတဲ့ဒေသခံတွေဟာ အစုလိုက် အပြုံလိုက် ဘေးလွတ်ရာကိုရွေ့ပြောင်းနေကြရပါတယ်။
တိုက်ပွဲစတင်ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး နှစ်ဘက်အပြန်အလှန်စွပ်စွဲနေကြပြီး ဇူလိုင်လမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရပြီးနောက်ပိုင်း အခုပဋိပက္ခအသစ်ဟာ အပြင်းထန်ဆုံးဖြစ်ပါတယ်။
ထိုင်းလေတပ်က ဒီကနေ့ ဒီဇင်ဘာလ ၈ ရက်မနက်ပိုင်းမှာ ကမ္ဘောဒီးယား စစ်ရေးပစ်မှတ် (၃) ခုကို F-16 တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခဲ့သလို ကမ္ဘောဒီးယားစစ်တပ်ကလည်း BM-21 ဒုံးကျည်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။
ကမ္ဘောဒီးယားဘက်က အရပ်သားပစ်မှတ်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ကမ္ဘောဒီးယားက ဒရုန်းထိန်းချုပ်ရေးစခန်းအဖြစ် အသုံးပြုနေတဲ့ ကာစီနိုရုံ တစ်ခုကို F16 တိုက်လေယာဥ်နဲ့တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း တော်ဝင်ထိုင်းတပ်မတော်က ထုတ်ပြန်ပါတယ်။

ဒီနေ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် အနည်းဆုံး ထိုင်းစစ်သားတစ်ဦးနဲ့ ကမ္ဘောဒီးယားအရပ်သား လေးဦးသေဆုံးပြီး ဆယ်ဂဏန်းဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းနဲ့ကမ္ဘောဒီးယား အစိုးရတာဝန်ရှိတဲ့သူတွေကပြောပါတယ်။
တနင်္ဂနွေနေ့ကတည်းက တင်းမာမှုအသစ်တွေမြင့်တက်လာတဲ့အတွက် ထိုင်းနိုင်ငံပြည်နယ်ငါးခုက ကျောင်းပေါင်း ၆၅၀ နီးပါးကိုပိတ်ဖို့အမိန့်ထုတ်ထားတယ်လို့ ထိုင်းပညာရေးဝန်ကြီးကပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်က သူ့နိုင်ငံဟာ "အကြမ်းဖက်မှုကို ဘယ်တုန်းကမှမလိုလားပေမယ့် အချုပ်အခြာအာဏာကိုထိန်းသိမ်းဖို့ဆိုလိုအပ်လာရင် ရတဲ့နည်းလမ်းကိုအသုံးပြုသွားမှာပါ" လို့ ပြောကြားခဲ့ပြီး ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန်ဆန်ကတော့ ထိုင်းနိုင်ငံဘက်လူတွေကို "ကျူးကျော်သူတွေ"လို့ လက်စားချေမှုတွေကိုလှုံ့ဆော်နေတယ်လို့ စွပ်စွဲပါတယ်။

ရာစုနှစ်နဲ့ချီကြာ နယ်စပ်ပိုင်ဆိုင်မှုဖြစ်ပွားနေတဲ့ ထိုင်းနဲ့ကမ္ဘောဒီးယားဟာ ၂၀၂၅ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့မနက်ပိုင်းမှာ ကမ္ဘောဒီးယားနိုင်ငံကထိုင်းနိုင်ငံထဲကို ရော့ကတ်တွေနဲ့ပစ်ခတ်ခဲ့ရာကနေ စစ်ပွဲပဋိပက္ခစတင်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ မေလကတည်းက ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့အကြား တင်းမာမှုတွေမြင့်တက်လာတာကြောင့် နှစ်ဖက်သေဆုံးမှု ၄၀ကျော်အထိရှိခဲ့ပြီး သွင်းကုန်ပိတ်ပင်မှုတွေ၊ ခရီးသွားလာမှုကန့်သတ်ချက်တွေ ရှိခဲ့ပါတယ်။
အဲ့ဒီကနေ အောက်တိုဘာလက မလေးရှားနိုင်ငံမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့အတူ နှစ်နိုင်ငံအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။အဲ့ဒီတုန်းက အဲ့ဒီလက်မှတ်ထိုးမှုနဲ့ပတ်သက်ပြီး နယ်စပ်ပဋိပက္ခအဆုံးသတ်ရာမှာ သမိုင်းဝင်အောင်မြင်မှုတစ်ခုလို့ ဒေါ်နယ်ထရမ့်ကကြွေးကြော်ခဲ့ပါသေးတယ်။ အပစ်အခတ်ရပ်စဲရေးကို ကြားဝင်စေ့စပ်ပေးခဲ့တဲ့ ဒေါ်နယ်ထရမ့်ကို နိုဘယ်ငြိမ်းချမ်းရေးဆုအမည်စာရင်းတင်သွင်းခဲ့တဲ့ ကမ္ဘောဒီးယားက သဘောတူညီချက်ကိုလိုက်နာရန် ကတိကဝတ်ပြုထားကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် လက်မှတ်ရေးထိုးပြီးနှစ်ပတ်အကြာမှာပဲ ကမ္ဘောဒီးယားနယ်စပ်အနီးမှာ မြေမြှုပ်မိုင်းပေါက်ကွဲပြီး သူတို့စစ်သားနှစ်ဦးဒဏ်ရာရရှိပြီးတဲ့နောက်မှာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အကောင်အထည်ဖော်မှုကို ရပ်ဆိုင်းထားမယ်လို့ ထိုင်းအစိုးရကထုတ်ပြန်ခဲ့ပါတယ်။







Comments