လက်ရှိမြန်မာနိုင်ငံအခြေအနေက လူတိုင်းအကျုံးဝင်တဲ့ရွေးကောက်ပွဲကျင်းပဖို့ မပြည့်စုံဟု သြစတြေးလျအစိုးရ ထုတ်ပြန်
- BVJ

- 4 days ago
- 1 min read
မိုနာ/BVJ_ဒီဇင်ဘာ ၁၀၊ ၂၀၂၅

မြန်မာစစ်အာဏာရှင်အဖွဲ့က လူ့အခွင့်အရေးအလွဲသုံးစားပြုမှုတွေနဲ့ ချိုးဖောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေတာကို ရှုတ်ချပြီး လက်ရှိမြန်မာနိုင်ငံအခြေအနေက လူတိုင်းအကျုံးဝင်တဲ့ရွေးကောက်ပွဲကျင်းပဖို့ မပြည့်စုံဘူးလို့ သြစတြေးလျအစိုးရက ဒီနေ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဒီဇင်ဘာ ၁၀ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
သြစတြေးလျအစိုးရရဲ့မြန်မာနိုင်ငံဆိုင်ရာသတင်းထုတ်ပြန်ချက်ချက်ထဲမှာ လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ နိုင်ငံရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနဲ့ပက်သက်ပြီး အလွန်အမင်းစိုးရိမ်ပူပန်မိကြောင်းကိုလည်း ဖော်ပြထားပါတယ်။
“၄င်း၏လေကြောင်းတိုက်ခိုက်မှုများအပါအဝင် အရပ်သားပြည်သူများကိုဆက်လက်တိုက်ခိုက်နေခြင်းအပေါ် မိမိတို့များစွာစိုးရိမ်လျက်ရှိပါသည်။ အခြားလက်နက်ကိုင်အဖွဲ့များမှကျူးလွန်ခဲ့သော အကြမ်းဖက်မှု၊ အလွဲသုံးစားပြုမှုများနှင့်ပက်သက်သည့် ခိုင်လုံသောသတင်းများကိုလည်း စိုးရိမ်ဖွယ်သိရပါသည်”လို့ သြစတြေးလျအစိုးရကပြောပါတယ်။
ငြိမ်းချမ်းရေးလမ်းကြောင်းအစစ်အမှန်ဖြစ်ဖို့အတွက် အကြမ်းဖက်မှုတွေကိုအဆုံးသတ်ပြီး မတရားဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကိုလွှတ်ပေးကာ သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ရန်လိုအပ်ကြောင်းနဲ့ ဒီအခြေအနေတွေမရှိဘဲကျင်းပတဲ့ရွေးကောက်ပွဲဟာ ပိုမိုကြီးမားတဲ့ မတည်ငြိမ်မှုတွေဆီဦးတည်ကာ မြန်မာပြည်သူတွေအပေါ် ဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်စေပြီး ငြိမ်းချမ်းရေးအဖြေရှာရာမှာအတားအဆီးဖြစ်မှာကို အထူးစိုးရိမ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
“လက်ရှိမြန်မာနိုင်ငံရှိအခြေအနေသည် လွတ်လပ်၍တရားမျှတပြီး လူတိုင်းအကျုံးဝင်သည့်ရွေးကောက်ပွဲကျင်းပရန်အတွက် လိုအပ်သည့်အရာများမပြည့်စုံနေပါ။
သြစတြေးလျအနေဖြင့် ပြည်သူများ၏ဆန္ဒကိုထင်ဟပ်သည့် ဒီမိုကရေစီအရပ်သားအစိုးရထံသို့ ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းရန် ဆက်လက်တိုက်တွန်းပါမည်”
ဒါ့အပြင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အောက်ကကတိကဝတ်တွေကိုလည်း အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ဖို့နဲ့ အာဆီယံဥက္ကဌရဲ့အထူးကိုယ်စားလှယ်အပါအဝင် အာဆီယံကိုယ်စားလှယ်တွေနဲ့တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။
သြစတြေးလျအစိုးရအနေနဲ့ အခက်အခဲဒုက္ခကြုံရချိန်မှာကြံ့ကြံ့ခံနိုင်စွမ်းနဲ့ ရဲရင့်မှုတို့ကိုပြသခဲ့ကြတဲ့ မြန်မာပြည်သူတွေနဲ့အတူဆက်လက်ရပ်တည်တယ်လို့လည်း ထုတ်ပြန်ကြေညာပါတယ်။







Comments