top of page

တိုက်ပွဲတွေနားနေချိန်မှာ ဒေသတွင်းလုံခြုံအေးချမ်းရေးလုပ်ဖို့ တအာင်းခေါင်းဆောင်ပြော

  • Writer: BVJ
    BVJ
  • 1 day ago
  • 1 min read

ယူဂရင်း/BVJ_ ဇန်နဝါရီ ၁၂၊ ၂၀၂၆

PSLF/TNLAဥက္ကဌ ဗိုလ်ချုပ်ကြီးတားအိုက်ဘုန်း။
PSLF/TNLAဥက္ကဌ ဗိုလ်ချုပ်ကြီးတားအိုက်ဘုန်း။

ဒေသတွင်းတိုက်ပွဲတွေရပ်နားထားချိန်မှာ ပြည်သူတွေနဲ့ရဲဘော်တွေညီညီညွတ်ညွတ်လက်တွဲပြီး ဒေသတည်ငြိမ်လုံခြုံအေးချမ်းရေးအတွက် တာဝန်ယူကြဖို့ကို PSLF/TNLAဥက္ကဌ ဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းက ပြောကြားပါတယ်။


“အခုလိုမိမိတို့ ဒေသတွင်းတိုက်ပွဲရပ်နားချိန်အတွင်းမှာ မိဘပြည်သူတွေနဲ့ရဲဘော်တို့က ချစ်ချစ်ခင်ခင်ညီညီညွတ်ညွတ်လက်တွဲပြီး မိမိတို့ဒေသတည်ငြိမ်တည်ငြိမ်လုံခြုံ‌အေးချမ်းစေရေးအတွက် စုပေါင်းအားနဲ့တာဝန်ယူကြရမှာဖြစ်ပါတယ်။ တိုက်ပွဲကာလအတွင်း နစ်နာဆုံးရှုံးကြတဲ့ ဒေသခံလူထုတွေရဲ့ အိုးအိမ်၊ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ အများပြည်သူသုံးအဆောက်အအုံ၊ ဆေးရုံနဲ့လမ်းတံတားတွေကိုတတ်နိုင်သမျှပြုပြင်သွားရမှာဖြစ်ပါတယ်”လို့ မနေ့က ဇန်နဝါရီ ၁၁ ရက်မှာကျရောက်တဲ့ “၆၃နှစ်ပြည့် တအာင်းအမျိုးသား တော်လှန်ရေးနေ့" မှာမိန့်ခွန်းပြောကြားရင်း ထည့်သွင်းပြောခဲ့တာပါ။


ဒါ့အပြင် အခုလိုအုပ်ချုပ်ရေးနယ်မြေတွေရှိလာဖို့ကလည်း နိုင်ငံရေး၊လူမှုရေးဆောင်ရွက်ချက်တွေနဲ့ ဆွေးနွေးအဖြေရှာပြီးရရှိခဲ့ကြတာမဟုတ်ဘဲ တအောင်းတိုင်းရင်းသားအရာရှိ၊အရာခံတွေနဲ့ရဲဘော်များရဲ့ အသက်သွေး၊ချွေး ကိုယ်ခန္ဓာစွန့်လွှတ်အနစ်နာခံပြီး သမိုင်းတွင်ပြောင်မြောက်တဲ့တိုက်ပွဲတွေကနေတဆင့် စစ်ရေးအရတိုက်ယူခဲ့ရတာဖြစ်တာကြောင့် တန်ဖိုးဂုဏ်ဒြပ်မြင့်မားတယ်လို့လည်း ဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းကပြောပါတယ်။


မကြာခင်ကာလအတွင်းမှာ တအာင်းအမျိုးသားအလံကို နှစ်ခုမထားတော့ဘဲ အမျိုးသားအလံတခုထဲအောက်မှာ စုစည်းညီညွတ်စွာအသိအမှတ်ပြုဖို့ရှိကြောင်းနဲ့ ဒေသစွဲ မျိုးနွယ်စွဲ စိတ်ခံစားမှုတွေကိုပယ်ဖျက်ကြပြီး အပြန်အလှန်ကူညီဖေးမကြဖို့ကိုလည်း မှာနေပါတယ်။


ဒေသတွင်းမှာ တအာင်း၊ကချင်၊ရှမ်း၊ဗမာ၊ဂေါ်ရခါး၊ ခိုလှုံလီရှော၊လီဆူ၊ကိုးကန့်နဲ့အခြားတိုင်းရင်းသားတွေ စုပေါင်းနေထိုင်ကြတဲ့အတွက် လူမျိုးတမျိုးနဲ့တမျိုး မေတ္တာတရားနဲ့အတူနေထိုင်သွားရမှာဖြစ်တယ်လို့လည်း မိန့်ခွန်းထဲမှာတိုက်တွန်းပြောကြားပါတယ်။

“၆၃နှစ်ပြည့် တအာင်းအမျိုးသား တော်လှန်ရေးနေ့”အတွက် PSLF/TNLAရဲ့သဘာထားထုတ်ပြန်ချက်မှာတော့ တရုတ်ရဲ့ကြားဝင်စေ့စပ်မှုကြောင့် စစ်အုပ်စုနဲ့ ၂၀၂၅၊ အောက်တိုဘာ ၂၈ရက်မှာ ပစ်ခတ်တိုက်ခိုက်ရပ်စဲရေးစာချုပ်ကိုလက်မှတ်ရေးထိုးနိုင်ခဲ့ပြီး အဲ့ဒီစာချုပ်ကြောင့် တအာင်းပြည်နယ်အသီးသီးမှာ ပစ်ခတ်တိုက်ခိုက်မှုတွေရပ်တန့်ကာ ပြည်သူလူထုတွေလည်း လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်ခံခြင်းတွေက သက်သာခွင့်ရခဲ့တယ်လို့ဆိုထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာ အာဏာသိမ်းစစ်အုပ်စုကိုလည်း မြန်မာ့တပ်မတော်ဆိုတဲ့အသုံးအနှုန်းနဲ့ဖော်ပြထားတာကို တွေ့ရပါတယ်။


မြန်မာပြည်တဝှမ်းလုံး ပစ်ခတ်တိုက်ခိုက်မှုတွေအဆုံးသတ်ပြီး စစ်မှန်တဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်လာစေဖို့ဆန္ဒပြုတယ်လို့လည်း ထုတ်ပြန်ပါတယ်။


“၆၃နှစ်ပြည့် တအာင်းအမျိုးသား တော်လှန်ရေးနေ့”ကို ညီ‌နောင်မဟာမိတ်ဖြစ်တဲ့ MNTJP/MNDAA နဲ့ULA/AAတို့ကလည်း သဝဏ်လွှာပေးပို့ခဲ့ကြပြီး တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို တအာင်းပြည်သူတရပ်လုံးကဂုဏ်ယူဝင့်ကြွားစွာကျင်းပနေတာကိုတွေ့ရတာကြောင့် များစွာဂုဏ်ယူတယ်လို့ ပြောထားပါတယ်။


အခြားတဖက်မှာလည်း အခုလိုအောင်မြင်မှုကိုဆွတ်ခူးနိုင်ခြင်းဟာ PSLF/TNLAနဲ့ တအာင်းလူမျိုးတွေရဲ့ မဆုတ်မနစ်ကြိုးပမ်းအားထုတ်မှုကြောင့်ဖြစ်သလို စစ်ရေးမှာ ညီနောင်မဟာမိတ်၊မိတ်ဖက်အဖွဲ့အစည်းတွေအပါအဝင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်းပေါ်ပေါက်လာခဲ့ကြတဲ့ မြန်မာ့နွေဦးတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူ ကြီးမားတဲ့ဟန်ချက်ညီစစ်ဆင်းရေးတရပ်ကို အချိန်ကိုက်ပြုလုပ်နိုင်ခဲ့တာကြောင့် ဖြစ်တယ်လို့ သဝဏ်လွှာမှာ ထည့်သွင်းပြောထားပါတယ်။

TNLA၊MNDAA၊AAတပ်ဖွဲ့မှ ခေါင်းဆောင်များ။
TNLA၊MNDAA၊AAတပ်ဖွဲ့မှ ခေါင်းဆောင်များ။

“၆၃နှစ်ပြည့် တအာင်းအမျိုးသား တော်လှန်ရေးနေ့”ကို မန္တလေးPDFနဲ့မိုးကုတ်ဗျူဟာတို့ကလည်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပြီး ၂၀၂၅တနှစ်တာဟာ တအာင်းပြည်သူလူထုနဲ့ PSLF/TNLAတို့အတွက် နိုင်ငံရေး၊စစ်ရေးအောင်မြင်မှုများစွာရှိခဲ့သလို အရင်းအနှီး၊အခက်အခဲနဲ့စိန်ခေါ်ချက်များစွာရှိခဲ့တဲ့နှစ် ဖြစ်တယ်လို့ မန္တလေးPDFသဝဏ်လွှာမှာဖော်ပြပါတယ်။


အခု PSLF/TNLAရဲ့ထိန်းချုပ်စိုးမိုးနယ်မြေတွေအတွင်း ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားတွေအောင်မြင်စွာ လည်ပတ်နိုင်တာကိုဂုဏ်ယူစွာတွေ့မြင်ရကြောင်းနဲ့ တအာင်းဒေသမှာသန္ဓေတည်မွေးဖွားခဲ့တဲ့ မန္တလေးPDFအနေနဲ့လည်း PSLF/TNLAနဲ့တအာင်းပြည်သူလူထုရဲ့ ကျေးဇူးတရားတွေကို အစဉ်အမှတ်ရနေမယ်လို့ပြောထားပါတယ်။


မန္တလေးPDF/အထူးလှုပ်ရှားတပ်မအနေနဲ့လည်း စစ်အာဏာရှင်အမြစ်ပြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်တဲ့အထိ တအာင်းအမျိုးသားများနဲ့အတူလက်တွဲ တိုက်ပွဲဝင်သွားမယ်လို့လည်း သဝဏ်လွှာမှာထည့်သွင်းဖော်ပြထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page