TPSရပ်ဆိုင်းလိုက်တာကိုပြန်ရုတ်သိမ်းပေးဖို့ အမေရိကန်အစိုးရကို အာဆီယံလူ့အခွင့်အရေး လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ တောင်းဆို
- BVJ

- Nov 27
- 1 min read
BVJ/ဂျိုး_နိုဝင်ဘာ ၂၇၊ ၂၀၂၅

အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေအတွက်ယာယီခိုလှုံခွင့် (TPS) ကိုပယ်ဖျက်လိုက်တဲ့ အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS)ရဲ့ဆုံးဖြတ်ချက်ကို အာဆီယံလူ့အခွင့်အရေး လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR)က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်သလို ဆုံးဖြတ်ချက်ကို ပြန်ရုတ်သိမ်းပေးဖို့တယ်လို့ မနေ့ကထုတ်ပြန်ပါတယ်။
DHSရဲ့ဆုံးဖြတ်ချက်ဟာ အမေရိကန်ရောက်ထောင်နဲ့ချီတဲ့ဒုက္ခသည်တွေအတွက် ဥပဒေအကာကွယ်ပေးထားတာကို ဖယ်ရှားလိုက်တာနဲ့အတူတူပဲလို့ APHR ဥက္ကဋ္ဌနဲ့ အင်ဒိုနီးရှား လွှတ်တော်ကိုယ်စားလှယ် ဒေါ်မယ်ရ်စီး ခရစ်စတီ ဘဲရန်းစ်ကပြောထားပါတယ်။
"သူတို့ပြောတဲ့အချက်က မြန်မာပြည်သူသန်းပေါင်းများစွာရဲ့ လက်ရှိဘဝအခြေအနေတွေနဲ့ ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာလူမျိုးတွေရဲ့ ခံစားချက်တွေနဲ့ လုံးဝကို ကင်းကွာနေပါတယ်။အခုလို TPS ကို ရပ်လိုက်တာဟာ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေဆီကဥပဒေအရ အကာအကွယ် ပေးထားမှုတွေကို ဖယ်ရှားပစ်လိုက်တာနဲ့ အတူတူပဲ။ DHS အနေနဲ့ ဒီဆုံးဖြတ်ချက်ကို ပြန်ရုပ်သိမ်းပြီး မိသားစုတွေလုံခြုံအောင်လုပ်ပေးဖို့ APHR က တောင်းဆိုပါတယ်" လို့ ပြောပါတယ်။
အမေရိကန်အနေနဲ့အခုလိုအချိန်မျိုးမှာ မြန်မာနိုင်ငံသားတွေအတွက်ပေးထားတဲ့ TPSကို ရပ်ဆိုင်းလိုက်တာဟာ အသက်အန္တရာယ်၊ လွတ်လပ်မှုနဲ့မိသားစုအတွက်ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေကနေထွက်ပြေးလွတ်မြောက်လာတဲ့ အမေရိကန်မှာတရားဝင်၊တာဝန်သိစွာ အလုပ်လုပ်ကိုင်ရင်းဘဝကို ပြန်တည်ဆောက်နေတဲ့သူတွေကို စွန့်ပစ်လိုက်တာဖြစ်တယ်လို့လည်း (APHR)ထုတ်ပြန်ချက်မှာဖော်ြပထားပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက စစ်အုပ်စုကနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ဆက်တိုက်တိုးလာနေသလို မတရားဖမ်းဆီးနှိပ်စက်တာတွေ၊ အရပ်သားနေရာတွေကိုပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ပစ်တာတွေ၊ မြို့တွေနဲ့ စစ်ရှောင်စခန်းတွေကို လေကြောင်းကနေတိုက်ခိုက်တာတွေလည်းလုပ်နေတယ်လို့ APHRပြောဆိုထားပါတယ်။
အခုလိုအချိန်မျိုးမှာ TPS ရပ်ဆိုင်းလိုက်တာဟာ လူတွေကိုအန္တရာယ်တွင်းထဲတွန်းပို့လိုက်တာ ဖြစ်တယ်လို့ ဖိလစ်ပိုင်လွှတ်တော်ကိုယ်စားလှယ် ဆာရာ ဂျိန်း အီလာဂိုပြောပါတယ်။
"ဒီလို ခြိမ်းခြောက်မှုတွေရှိနေတုန်း ယာယီကာကွယ်မှုကိုဖယ်လိုက်တာဟာ လူတွေကို ထိခိုက်နစ်နာမှုအန္တရာယ်ဆီတွန်းပို့လိုက်တာဖြစ်ပြီး လူသားချင်းစာနာမှုဆိုင်ရာ ကာကွယ်ရေးမူကြီးတွေကို ဖျက်ဆီးရာရောက်ပါတယ်"
အမေရိကန်ရောက် TPSကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေ မိသားစုတွေအတွက် ပြည်တွင်းရော၊ ပြည်ပမှာပါ အဓိကဝင်ငွေရှာပေးနေသူတွေဖြစ်ပြီး TPSကိုရပ်လိုက်တာဟာ မြန်မာနိုင်ငံတွင်းကဒုက္ခရောက်နေတဲ့ မိသားစုတွေကိုထောက်ပံ့ပေးနေတဲ့ အရေးကြီး ငွေလွှဲလမ်းကြောင်းတွေ ပြတ်တောက်သွားနိုင်တယ်လို့လည်း APHRကပြောဆိုထားပါတယ်။
TPSကိုရပ်ဆိုင်းလိုက်တာဟာ အမေရိကန်ဥပဒေကိုလိုက်နာပြီး အသိုင်းအဝိုင်းကိုအကျိုးပြုခဲ့တဲ့ သူတွေကို အပြစ်ပေးရာရောက်ကြောင်းလည်း APHR ပူးတွဲဥက္ကဋ္ဌနဲ့ မလေးရှား လွှတ်တော်ကိုယ်စားလှယ်ဟောင်း ချားလ်စ် ဆန်တီယာဂိုကပြောဆိုထားပါတယ်။
"အကူအညီတွေကို ပိတ်ထားတဲ့၊ ဝေဖန်သူတွေကိုဖမ်းဆီးပြီး အကြမ်းဖက်စစ်ဆင်ရေးတွေ လုပ်နေတဲ့နိုင်ငံကို လူတွေကိုပြန်ပို့တာဟာ အသက်အန္တရာယ်ကို တိုက်ရိုက်ခြိမ်းခြောက်တာပါပဲ။ အမေရိကန်ဟာ ဒီရပ်စဲမှုကို ချက်ချင်း ရပ်ရပါမယ်"
APHR အနေနဲ့ နိုင်ငံတွင်းမှာ တော်လှန်ခုခံနေသူတွေရော၊ ပြည်ပမှာဘဝကို ပြန်လည်တည်ဆောက်နေသူတွေနဲ့ အတူတူရပ်တည်သလို အသက်၊ ဂုဏ်သိက္ခာနဲ့ ဘေးကင်းလုံခြုံရေးအတွက်လည်း ဥပဒေအရ ခိုင်မာတဲ့ ဖြေရှင်းနည်းတွေ ပေါ်လာအောင်ဆက်ပြီးတွန်းအားပေးသွားမယ်လို့ APHRထုတ်ပြန်ချက်မှာ ဖော်ြပထားတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် အရှေ့တောင်အာရှပါလီမန်တွေနဲ့ နိုင်ငံတကာမိတ်ဖက်တွေအနေနဲ့လည်း ထွက်ပြေး လာရသူတွေအတွက်အဓိပ္ပာယ်ရှိတဲ့ကာကွယ်မှုတွေလုပ်ပေးဖို့ ဖိအားပေးကြဖို့၊ မြန်မာနိုင်ငံတွင်းကို လူသားချင်းစာနာမှု အကူအညီတွေ ကန့်သတ်မရှိဝင်ခွင့်ပေးအောင်တောင်းဆိုဖို့နဲ့ စစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရအောင်ကြိုးပမ်းပေးကြဖို့လည်း အာဆီယံလူ့အခွင့်အရေး လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR)တိုက်တွန်းထားပါတယ်။







Comments