TNLAနဲ့ဆွေးနွေးပွဲအပြီး စစ်ကောင်စီက နောင်ချိုကိုဗုံးကြဲတာကြောင့် အရပ်သားသုံးဦး သေဆုံး
- BVJ

- Feb 21, 2025
- 1 min read
BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၂၀ ၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ဒေသ နောင်ချိုမြို့ကို စစ်ကောင်စီက မနေ့ ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံ ကူမင်းမြို့ ဟိုင်ဂင်ဟိုတယ်မှာပြုလုပ်တဲ့ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုအပြီးမှာ စစ်ကောင်စီက နောင်ချိုမြို့ကို လေကြောင်းတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
နောင်ချိုမြို့ ဘူတာရပ်ကွက်နဲ့ ပြည်သူ့ဆေးရုံပေါ်ကို စစ်ကောင်စီလေကြောင်းက မနေ့ ည ရှစ်နာရီမှာ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘူတာရပ်ကွက်နေ ဒေသခံ (၂)ဦး သေဆုံးခဲ့ပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူ့ဆေးရုံမှာရှိတဲ့ ဒေသခံ တစ်ဦးသေဆုံးခဲ့သလို နောက်ထပ် တစ်ဦးလည်း ထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့အတူ TNLA ကိုယ်စားလှယ်နဲ့ စစ်ကောင်စီကိုယ်စားလှယ်တို့ ဖေဖော်ဝါရီ ၁၆ နဲ့ ၁၇ ရက်တို့မှာ ကူမင်းမှာတွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ နှစ်ဖက်တောင်းဆိုချက်တွေဟာ ဆွေးနွေးညှိနှိုင်းဖို့ ခက်ခဲတာကြောင့် သဘောတူညီမှု တစုံတရာမရခဲ့ဘဲ ပြီးဆုံးခဲ့ပါတယ်။
ဆွေးနွေးပွဲအတွင်း စစ်ကောင်စီအနေနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ ဒရုန်းဗုံးကြဲတိုက်ခိုက်မှု ရပ်တန့်ဖို့ TNLA ကိုယ်စားလှယ်တွေဘက်က တောင်းဆိုခဲ့တာမျိုးတွေလည်းရှိခဲ့ပေမဲ့ ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းမှာ စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ကူမင်းမြို့ ဆွေးနွေးပွဲမတိုင်ခင် ဖေဖော်ဝါရီ ၁၅ ရက်ကလည်း နောင်ချိုမြို့နယ် နာဆွေရွာ၊ အုမ္မတီးရွာ၊ ညောင်နီရွာနဲ့ တောင်ရွှေရွာတို့ကို စစ်ကောင်စီက လေကြောင်းကနေ Y12 လေယာဉ်နဲ့ ဗုံး (၁၇၅)လုံး ကြဲချတိုက်ခိုက်ခဲ့သလို တောင်ခမ်းတပ်စခန်းကနေ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
















Comments