မိုးကုတ်ကိုတိုက်ခိုက်သိမ်းပိုက်ချိန် အတူပူးပေါင်းခဲ့တဲ့လီဆူတပ်ဖွဲ့ စစ်အုပ်စုနဲ့ပူးပေါင်းသွားကြောင်း TNLAအတည်ပြု

မိုနာ/BVJ_အောက်တိုဘာ ၁၉၊ ၂၀၂၆

TNLAနဲ့ပူးပေါင်းထားတဲ့ လီဆူတပ်ဖွဲ့ဝင် (၅၀)ဦးကျော်ဟာ လက်နက်ခဲယမ်း ၅၀ကျော်ယူဆောင်ပြီး မြန်မာစစ်အုပ်စုနဲ့ပူးပေါင်းသွားပြီဖြစ်တာကြောင့် သူတို့အဖွဲ့နဲ့ကင်းကွာသွားပြီလို့ PSLF/TNLAက ဒီနေ့ အောက်တိုဘာ ၁၉ရက် မနက်ပိုင်းမှာကြေညာလာပါတယ်။
အခုစစ်အုပ်စုနဲ့ပူးပေါင်းသွားတဲ့ လီဆူတပ်ဖွဲ့ကို ဦဂူဆီးဦးဆောင်တာဖြစ်ပြီး သူတို့ဟာ မိုးကုတ်၊မိုးမိတ်မြို့တွေကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAနဲ့ပူးပေါင်းတပ်တွေ ၁၀၂၇စစ်ဆင်ရေးကာလအတွင်း တိုက်ခိုက်သိမ်းပိုက်ချိန်မှာ မိုးကုတ်မြို့လုံခြုံရေးအတွက် ပူးပေါင်းလာခဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅၊နိုဝင်ဘာ ၂၉ရက်မှာ မိုးကုတ်၊မိုးမိတ်မြို့တွေကို အာဏာသိမ်းစစ်အုပ်စုဆီ TNLAကပြန်လည်လွှဲပြောင်းပြီးနောက်မှာ အဲ့ဒီတပ်ဖွဲ့ဟာ ဇာတိမြို့တွင်းကိုပြန်ဝင်ရောက်သွားခဲ့ကြောင်းနဲ့ အခုလ ၁၃ရက်မှာတော့ ဦးဂူဆီးဦးဆောင်တဲ့ အဖွဲ့ဝင် ၅၀ကျော်ပါလီဆူတပ်ဖွဲ့ဝင်တွေဟာ စစ်အုပ်စုနဲ့ပူးပေါင်းသွားခဲ့တာဖြစ်တယ်လို့ TNLAကထုတ်ပြန်ပါတယ်။

ဒါကြောင့် ဦးဂူဆီးဦးဆောင်တဲ့လီဆူတပ်ဖွဲ့ဝင်တွေဟာ တပ်ဖွဲ့ဝင်တိုင်းလိုက်နာစောင့်ထိန်းရမယ့်ကတိသစ္စာကိုဖောက်ဖျက်ခဲ့တာကြောင့် မိမိတို့PSLF/TNLAနဲ့ကင်းကွာပြီလို့ အသိပေးလာတာပါ။
ဒါ့အပြင် TNLAအနေနဲ့အဲ့ဒီအဖွဲ့ကိုမျက်ခြေမပြတ်စောင့်ကြည့်သွားမှာဖြစ်ပြီး ပြည်သူတွေကိုဖိနှိပ်စော်ကားမှုတွေလုပ်လာရင် ပြည်သူ့ဘက်ကရပ်တည်ပြီးအရေးယူဆောင်ရွက်သွားမယ်လို့ TNLAကထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်အုပ်စုထောက်ခံသူတွေရေးသားချက်မှာတော့ TNLAတပ်ဖွဲ့ဝင် ၅၄ဦးဟာ လက်နက် ၄၀ကျော်နဲ့အတူ အောက်တိုဘာ ၁၃ရက်မှာအလင်းဝင်လာခဲ့တာကြောင့် အောက်တိုဘာ ၁၅ရက်မှာကြိုဆိုထောက်ခံပွဲပြုလုပ်ပေးခဲ့တယ်လို့ ဖော်ပြခဲ့ကြပါတယ်။




Comments