အာဏာသိမ်းစစ်ကောင်စီကို ဟန်ချက်ညီညီဝိုင်းဝန်းတိုက်ခိုက်ကြဖို့ TNLA တောင်းဆို
- BVJ

- Jul 30
- 1 min read
BVJ/ ဂျိုး၊ ဇူလိုင် ၃၀၊ ၂၀၂၅

အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံအာဏာကိုရေရှည်ချုပ်ကိုင်နိုင်ဖို့ကြိုးစားနေတဲ့ အာဏာ သိမ်းစစ်ကောင်စီကိုဝိုင်းဝန်းတိုက်ခိုက်ကြဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေအပါအဝင် နွေဦးတော် လှန်ရေးအင်အားစုတွေကို ပလောင်ပြည်နည်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAက ဒီနေ့မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
လက်ရှိမှာစစ်ကောင်စီဟာ ပြည်သူလူထုရဲ့ စုပေါင်းတိုက်ထုတ်မှုကြောင့် တိုင်းစစ်ဌာနချုပ်တွေ တပ်ရင်း တပ်ဖွဲ့တော်တော်များများ စစ်ပွဲအတွင်းကျဆုံးပြီး အဘက်ဘက်ကယိုယွင်းပျက်စီးကာကျဆုံးလုနီးပါး ဖြစ်နေတဲ့အချိန်ကို ရောက်ရှိနေပြီဖြစ်တယ်လို့ TNLAက ပြောထားပါတယ်။
စစ်ကောင်စီရဲ့ကျဆုံးလုနီးပါးဖြစ်နေသည့်အခြေအနေကောင်းကို အသုံးချကာ အရင်ကထက်မဟာဗျူ ဟာမြောက်တဲ့ တော်လှန်းရေးလုပ်ငန်းစီမံချက်တွေနဲ့စုပေါင်းပြီး ဟန်ချက်ချက်ညီညီဝိုင်း ဝန်းတော်လှန်တိုက်ခိုက်ကြဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေကို လေးနက်စွာတောင်းဆိုတယ်လို့ PSLF/TNLAရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ မြန်မာနိုင်ငံအနှံ့က လူနေကျေးရွာတွေ၊ စာသင်ကျောင်း၊ ဆေးရုံ၊ လူနေအိမ်၊ ဘာသာရေးအဆောက်အဦး၊ ဟိုတယ်၊ တည်ခိုးခန်းတွေနဲ့ လူနေထူထပ်တဲ့ဈေးတွေကို အဓိကဦး တည်ပြီးတော့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေကြောင်းနဲ့ အဲ့ဒီကျူးလွန်မှုတွေကို TNLAအနေနဲ့ အပြင်းအထန်ကန့်ကွက်ရှုတ်ချပြီး စစ်ကောင်စီရဲ့ လုပ်ရပ်တွေရပ်တန့်အောင် တရုတ်နိုင်ငံအပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေအနေနဲ့ ကူညီဆောင်ရွက်ပေးကြဖို့လည်း TNLAဘက်က တောင်းဆိုထားပါတယ်။
စစ်ကောင်စီဟာ အခုလအတွင်းမှာ TNLAထိန်းချုပ်ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချို၊ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေ့ါ၊ မိုးကုတ်စတဲ့ ဒေသတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ နေ့တိုင်းနီးပါးလုပ်ဆောင်နေတာကြောင့် ထိခိုက်သေဆုံးသူအရပ်သား အများအပြား ရှိနေပါတယ်။
ပုံစာ-TNLAအထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တာဘုန်းကျော်နဲ့ NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့တွေ့ဆုံနေပုံ(ဓါတ်ပုံ-zaw wai soe facebook)







Comments