နောင်ချိုမြို့ပေါ်ကဆုတ်ခွာနေပြီလို့ TNLA အတည်ပြု အသိပေး
- BVJ

- Jul 17, 2025
- 1 min read
BVJ/မိုနာ_ ဇူလိုင် ၁၆၊ ၂၀၂၅

အခုလ ဇူလိုင် (၁၅)ရက်နေ့ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြိုပေါ်ရှိ အရပ်ဖက်ဆိုင်ရာ စီမံအုပ်ချုပ်မှုရုံးလုပ်ငန်းတွေကို အခြားလုံခြုံတဲ့နေရာကိုပြောင်းရွှေ့ပြီး လူထုဝန်ဆောင်မှု လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ပြုလုပ်ထားတယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLAအနေက ဒီနေ့ နေ့လယ်မှာအသိပေး ထုတ်ပြန်ပါတယ်။
မေလမှာစတင်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ပြင်းထန်တဲ့ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေရပြီး မြို့စီမံအုပ်ချုပ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ဖို့ခက်ခဲလာတဲ့အတွက် အခုလိုဆောင်ရွက်ရတာဖြစ်တယ်လို့ နောင်ချိုမြို့တိုက်ပွဲအခြေအနေနဲ့ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက်မှာ TNLAကဖော်ပြပါတယ်။

စစ်အုပ်စုထောက်ခံသူတွေကတော့ နောင်ချိုမြို့ပေါ်က ဌာနဆိုင်ရာရုံးအားလုံးကို တပ်မတော်ကသိမ်းပိုက်ထိန်းချုပ်ပြီးဖြစ်တယ်လို့ မနေ့က ဇူလိုင်၁၅ရက်ညမှာ ဓါတ်ပုံတွေ နဲ့အတူဖော်ပြပါတယ်။
အဲ့ဒီနောက် စစ်အုပ်စုကနောင်ချိုမြို့ကို ပြန်သိမ်းပိုက်လိုက်ပြီဆိုပြီး ဒေသခံတွေအတည်ပြုချက်နဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေမှာ ဖော်ပြလာကြပါတယ်။

TNLA ရဲ့ထုတ်ပြန်ချက်မှာတော့ မေလကစတင်ပြီး ဇူလိုင်လလယ်ပိုင်းအထိ စစ်ကောင်စီတပ်ဟာ နောင်ချိုမြိုတွင်းနဲ့ နောင်ချိုမြိုအနီးကကျေးရွာတွေကိုဦးတည်ပြီး မြေပြင်မှာအင်အားအလုံးအရင်း ဖြည့်တင်းကာ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်း၊ အဆိပ်ငွေ့ဗုံးတွေကြဲချတိုက်ခိုက်ခြင်းတွေကို နေ့စဉ်ပြုလုပ်လျက်ရှိကြောင်းနဲ့ မေလကနေ ဇူလိုင် (၁၅)ရက်အတွင်းမှာ တိုက်ပွဲ (၃၁၉)ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု (၁၀၆)ကြိမ်၊ ဒရုန်း (၁၆၂)ကြိမ်၊ လက်နက်ကြီးပစ်တခတ်မှု (၄၆၉၂)ကြိမ်နဲ့ အဆိပ်ငွေ့ဗုံး တိုက်ခိုက်မှု(၁၈၆)ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် ဒီနေ့အထိ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့လည်း TNLAက ထုတ်ပြန်ပါတယ်။

နောင်ချိုမြို့ကို စစ်ကောင်စီပြန်လည်ဝင်ရောက်တဲ့အခြေအနေနဲ့ပတ်သက်ပြီး PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို Burma VJက ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားလာတာ မရှိသေးပါဘူး။
ပုံစာ-နောင်ချိုမြို့ဌာနဆိုင်ရာရုံးအားလုံး ပြန်သိမ်းပြီးကြောင်း စစ်အုပ်စုထောက်ခံသူများ ဖော်ပြထားသောဓါတ်ပုံများ




Comments