လေကြောင်းဗုံးကြဲခံရမှုအတွင်းကျဆုံးခဲ့တဲ့ ဆေးတပ်သားရဲမေ
- BVJ

- 37 minutes ago
- 1 min read
ရဂုံ/BVJ_ဧပြီ ၃၀ ၊၂၀၂၆

အခုလ ဧပြီလ ၂၇ ရက်နေ့က စစ်အုပ်စုရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း နေပြည်တော် ၈၀၁ တပ်ရင်းက ဆေးတပ်သားအမျိုးသမီးရဲမေတစ်ဦးကျဆုံးခဲ့ပါတယ်။
ဒါဟာ ၈၀၁ တပ်ရင်းအတွက် ပထမဆုံးအမျိုးသမီးရဲမေကျဆုံးတဲ့ဖြစ်ရပ်ပါ။
ကျဆုံးသွားသူဟာ အသက် ၂၅ နှစ်အရွယ် ရဲမေဒေါရစ်ဖြစ်ပါတယ်။
ဆေးတပ်သား ရဲမေဒေါရစ်ဟာ ကရင်နီ(ကယား)ပြည်၊ဒီမော့ဆိုမှာမွေးဖွားကြီးပြင်းခဲ့ပြီး ကယန်းလူမျိုး ၊ရိုမန်ကတ်သလစ်ဘာသာဝင်တစ်ဦးဖြစ်ပါတယ်။
ငယ်စဉ်ကတည်းက ခက်ခဲကြမ်းတမ်းတဲ့ဘဝကိုပိုင်ဆိုင်ခဲ့ရပြီး တဇွတ်ထိုးစိတ်ကြောင့်ပျက်ဆီးမှာစိုးတာရယ် ၊ သူမကိုယ်တိုင်ကလည်း တော်လှန်ရေးကိုစိတ်ဝင်စားတာရယ် စတဲ့အကြောင်းတွေကြောင့် သူမရဲ့အဘွားကိုယ်တိုင် တော်လှန်ရေးမှာပါဝင်စေခဲ့တာဖြစ်တယ်လို့ တပ်ရင်းတာဝန်ရှိသူကပြောပြပါတယ်။
ရဲမေဒေါရစ်ဟာ နေပြည်တော် ၈၀၁ တပ်ရင်းမှာတာဝန်ထမ်းဆောင်တာမကြာသေးဘူးလို့သိရပါတယ်။
ဒီ၈၀၁ တပ်ရင်းမှာတာဝန်မထမ်းဆောင်ခင်တုန်းကလည်း အခြားတပ်ရင်းတစ်ခုမှာ ဆေးတပ်သားအဖြစ်လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။
ဒါ့ကြောင့်ဆေးပညာပိုင်းဆိုင်ရာ ပိုနားလည်သိရှိဖို့ တပ်ရင်းတစ်ခုမှာ ဆေးသင်တန်းထပ်မံတက်ရောက်ခဲ့ပြီး သင်တန်းဆင်းပြီးကာစမှာ စစ်ရေးအရလုံခြုံရာနေရာမှာရှောင်နေချိန်မှာ အခုလိုလေကြောင်းတိုက်ခိုက်မှုနဲ့ကြုံတွေ့ခဲ့ပြီး ကျဆုံးခဲ့ရတာပါ။ လေကြောင်းဗုံးကြဲမှုကြောင့် အခြားရဲဘော်တွေတော့ အထိအခိုက်အကျအဆုံးမရှိခဲ့ပေမယ့် ကလေးတွေအပါအဝင် ပြည်သူတွေထိခိုက်သေဆုံးခဲ့ပြီး တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
အခုလ ၂၇ရက်မှာ ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်အတွင်းက ကျေးရွာတရွာကိုစစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တာပါ။

နေပြည်တော်တပ်ရင်း ၈၀၁ ရဲ့တာဝန်ရှိသူတစ်ဦးကတော့"ရဲမေတွေကိုတော့ ရှေ့တန်းzone အထိမခေါ်ဘူး ၊ ဆေးပိုင်းတချို့နဲ့ရုံးပိုင်းတွေမှာထားတာများတယ် ၊ ရှေ့တန်း red zone အတွက်တော့ ရဲဘော်ဆေးမှူးတွေတော့ရှေ့ထိလိုက်ရပြီး ရဲမေတွေတော့ safe zone မှာပဲထားလေ့ရှိတယ်"လို့Burma VJကိုပြောပါတယ်။
ခေါင်းဆောင်ပိုင်းကစလို့ တပ်ရင်းတစ်ရင်းလုံးလူငယ်တွေနဲ့ပဲစုဖွဲ့ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ နေပြည်တော်တိုင်းစစ်ဌာနလက်အောက်က တပ်ရင်းအမှတ် ၈၀၁မှာ အမျိုးသားတွေသာမက အမျိုးသမီးတွေလည်းတာဝန်ထမ်းဆောင်နေတဲ့အတွက် လစဉ်သုံးပစ္စည်းကစလို့ တစ်ကိုယ်ရေသုံးပစ္စည်းတွေလိုအပ်တယ်လို့ သိရပါတယ်။
"ရဲမေကျတာတော့ ဒါပထမဆုံးပါ ၊ အစကနေအခုထိ ရဲဘော် ၉ ဦးအထိ ကျဆုံးခဲ့ပါတယ်။ စုစုပေါင်း ၁၀ ဦး "လို့ နေပြည်တော်၈၀၁ တပ်ရင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
နေပြည်တော် ၈၀၁ တပ်ရင်းအနေနဲ့ သံတောင်မြောက် ၊ ရေတာရှည် ၊ ဒီမော့ဆို ၊ မယ်စဲ့ ၊ လွိုင်ကော် ၊ ဆီဆိုင် စတဲ့ဒေသတွေမှာ တိုက်ပွဲတွေနဲ့စစ်ဆင်ရေးဖော်ဆောင်တာတွေပြုလုပ်ခဲ့ပြီး လက်ရှိမှာတော့ စစ်တောင်းမြစ်အရှေ့ခြမ်း ရေတာရှည်မှာ စစ်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။




Comments