ကျင်ဒွေးမြို့လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း တံတားပြင်နေသူအရပ်သား ၉ ဦးသေဆုံး
- BVJ

- Apr 30
- 1 min read
ယူဂရင်း/BVJ_ဧပြီ ၃၀၊ ၂၀၂၆

မနေ့က ဧပြီ ၁၉ရက် မနက်၁၀နာရီ၁၅မိနစ်ဝန်းကျင်မှာ ချင်းပြည်နယ်၊ကျင်ဒွေးမြို့ကို စစ်အုပ်စုက လေကြောင်းကနေ ဂျက်လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားကိုးဦးသေဆုံးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ထုတ်ပြန်ပါတယ်။
သေဆုံးသွားသူကိုးဦးဟာ ပျက်ဆီးနေတဲ့ကျင်ဒွေးတံတားကိုပြုပြင်နေကြတဲ့ အရပ်သားပြည်သူတွေဖြစ်ပြီး ဒဏ်ရာရရှိသူ (၃) ဦးလည်းရှိခဲ့ကြောင်းနဲ့ လေကြောင်းဗုံးကြဲမှုအတွင်းJCB စက်ကြီး (၁) စီး၊ Dayan ကား (၁) စီးနဲ့KENBO R (၄) စီးတို့လည်းပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သေဆုံးသွားသူတွေဟာ အသက် ၅၀အရွယ် အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသား (၈)ဦးဖြစ်ပြီး အသက်အရွယ်အားဖြင့် ၅၅နှစ်ကနေ ၃၀နှစ်အတွင်းရှိကြသူတွေဖြစ်ပါတယ်။
ဒါ့အပြင် ဒဏ်ရာရရှိသူအမျိုးသားသုံးဦးထဲမှာ ဖုံးသွေးကျင်းအုပ်ချုပ်ရေးမှူး ဦးအောင်ခိုင်လည်းပါဝင်ပြီး ညာဘက်ပေါင်မှာဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။

“ပြည်သူအများအနေဖြင့် လက်ရှိအချိန်အတောတွင်း မိမိတို့နေအိမ်၊ ဈေးဆိုင်များတွင် ဗုံးခိုကျင်းများ၊ ကတုတ်ကျင်းများ အဆင်သင့်ထားရှိကာ လေကြောင်းသတိထားနေထိုင်ကြပါရန် ချင်းပြည်သူ့အစည်းအရုံးအနေဖြင့် တိုက်တွန်းနှိုးဆော်အပ်ပါသည်”လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ပြောထားပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်၊ မင်းတပ်၊ မတူပီတို့ကို ချင်းညီနောင်အဖွဲ့က ထိန်းချုပ်ထားတာဖြစ်ပြီး အခုကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့နားက တံတားပြင်နေတဲ့လုပ်ငန်းခွင်ကို စစ်အုပ်စုကလေကြောင်းဗုံးကြဲချခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုက ပြီးခဲ့တဲ့ရက်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ် ၆၀ကိုစစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး အဲ့ဒီထဲမှာ ချင်းပြည်နယ်က ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်၊ မတူပီ၊ ဖလမ်းတို့ပါဝင်ပါတယ်။




Comments