နွေဦးတော်လှန်ရေးကြီးအမြန်ဆုံးအောင်မြင်ဖို့ ဗုဒ္ဓနေ့မှာ NUGဆုတောင်း
- BVJ

- 2 hours ago
- 1 min read
BVJ_ဧပြီ ၃၀၊ ၂၀၂၆

မြန်မာပြည်သူပြည်သားအားလုံး ဘေးအန္တရာယ်ကင်းရှင်းကာ ပြည်သူ့နွေဦးတော်လှန်ရေးကြီးအမြန်ဆုံးအောင်မြင်ပြီး တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းတို့အပေါ် အခြေခံထားတဲ့ ငြိမ်းချမ်းသာယာသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို အမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့ ဒီနေ့ ဧပြီ ၃၀ရက် ဗုဒ္ဓနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ-NUGက ဆုတောင်းသဝဏ်လွှာဖော်ပြလာပါတယ်။
ဒီနေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအဖို့ အလွန်ထူးမြတ်တဲ့နေ့ဖြစ်ပြီး ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ မေတ္တာ၊ ကရုဏာ၊ တရားမျှတခြင်းနဲ့အကြမ်းမဖက်ခြင်းဆိုတဲ့ "ဓမ္မ"တရားတွေကို ဟောကြားပြသတော်မူခဲ့ပေမယ့် ဒီနေ့မှာတော့ ဓမ္မနဲ့အဓမ္မကိုဝေဖန်ပိုင်းခြားခြင်းမပြုနိုင်တဲ့ မေတ္တာတရားခေါင်းပါး ရက်စက်ကြမ်းကြုတ်တဲ့စစ်အုပ်စုရဲ့ မတရားဖိနှိပ်သတ်ဖြတ်၊ မီးရှို့ဖျက်ဆီးခြင်းဟူတဲ့ "အဓမ္မ" လုပ်ရပ်တွေကို ပြည်သူလူထုကရင်ဆိုင်ကြုံတွေ့ ခံစားနေကြရတယ်လို့လည်း NUGကပြောထားပါတယ်။
တော်လှန်ရေးကာလအတွင်း အသက်၊ သွေး၊ ချွေးနဲ့အိုးအိမ်စည်းစိမ်တွေ စွန့်လွှတ်ပေးဆပ်ခဲ့ကြတဲ့ အာဇာနည် သူရဲကောင်းတွေနဲ့ မတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် ပြည်သူလူထုတရပ်လုံးရဲ့အနစ်နာခံမှုတွေကို NUGအနေနဲ့ဦးညွတ်မှတ်တမ်းတင်ထားတယ်လို့လည်း ဖော်ပြပါတယ်။
“ဗုဒ္ဓ၏ အဆုံးအမဖြစ်သော "ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ" (တရားကျင့်သူကို တရားက စောင့်ရှောက်၏) ဟူသော ဒေသနာတော်နှင့်အညီ အဓမ္မတရားများကို ရှောင်ရှားပြီး မှန်ကန် ဖြောင့်မတ်သောတရားကို ကိုင်စွဲထားသည့် ပြည်သူလူထု၏ စည်းလုံးညီညွတ်မှုကြောင့် ယခု ဆင်နွှဲနေသော ပြည်သူ့နွေဦးတော်လှန်ရေးသည် မုချမသွေ အောင်ပွဲခံရမည်ဟု ကျွန်ုပ်တို့ ခိုင်ကျည်စွာ ယုံကြည်ပါသည်”လို့ NUGသဝဏ်လွှာမှာ ထည့်သွင်းပြောထားပါတယ်။
NUGအနေနဲ့လည်း အားလုံးတန်းတူညီမျှမှုနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာတဲ့အထိ ပြည်သူနဲ့အတူလက်တွဲပြီး အဆုံးတိုင် ကြိုးပမ်းတိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။




Comments