စစ်တပ်နဲ့TNLA အပစ်ရပ်လက်မှတ်ထိုး
- BVJ

- Oct 29, 2025
- 1 min read
မိုးကုတ်နဲ့မိုးမိတ်ကနေ TNLAပြန်ဆုတ်ပြီး ဒီနေ့မနက်ကစတင်အပစ်ရပ်
မိုနာ/BVJ_အောက်တိုဘာ ၂၉၊ ၂၀၂၅

တအာင်းတပ်မတော်-PSLF/TNLAနဲ့ စစ်တပ်ကိုယ်စားလှယ်အဖွဲ့တို့ မနေ့က အောက်တိုဘာ ၂၇-၂၈ရက်မှာ တရုတ်နိုင်ငံ၊ ကူမင်းမှာတွေ့ဆုံပြီး အပစ်အခတ်ရပ်စဲရေးသဘောတူလက်မှတ်ထိုးလိုက်ပြီလို့ TNLAက ဒီနေ့ အောက်တိုဘာ ၂၉ရက် နေ့လယ်မှာကြေညာပါတယ်။
အခုတစ်ကြိမ်ဟာ (၉)ကြိမ်မြောက်တွေ့ဆုံပွဲဖြစ်ပြီး PSLF/TNLAက ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်တပ်ဘက်က ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်တဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံခဲ့ကာ နှစ်ဘက်သဘောတူညီမှုနဲ့လက်မှတ်ရေးထိုးခဲ့တာလို့ သိရပါတယ်။
တရုတ်နိုင်ငံအထူးကိုယ်စားလှယ်ကြီး မစ္စတာတိန့်ရှီကျွင်းရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုကြောင့် နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နိုင်ခဲ့ပြီး၊ သဘောတူသတ်မှတ်ထားတဲ့ကာလအတွင်းမှာ မိုးကုတ်နဲ့မိုးမိတ်မြို့နယ်တို့က တအာင်းတပ်တွေ ပြန်လည်ဆုတ်ခွာပေးရမှာဖြစ်ပြီး၊ တအာင်းဒေသကိုလည်း မြန်မာစစ်တပ်က လေယာဉ်ဗုံးကြဲခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းတွေမပြုလုပ်ရဘူးလို့ ဖော်ပြထားပါတယ်။
အပစ်ရပ်စဲရေးကို ဒီနေ့မနက် (၀၀း၀၀)နာရီအချိန်ကစတင်ပြီး နှစ်ဖက်ရောက်ရှိတဲ့နေရာတွေမှာ တပ်တွေရပ်တန့်ပြီး အပြန်အလှန်အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တယ်လို့ TNLAက ထုတ်ပြန်ပါတယ်။

စစ်အုပ်စုဟာ အခုလအတွင်းမှာ TNLAထိန်းချုပ်ထားတဲ့ သီပေါ၊ကွတ်ခိုင်၊ နမ့်ဆန်၊ နမ္မတူ၊ မိုးကုတ်စတဲ့မြို့နယ်တွေကို နေ့စဉ်နီးပါးလေကြောင်းဗုံးကြဲတိုက်ခိုက်နေတာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားထိခိုက်သေဆုံးမှုများပြားခဲ့တာကို TNLAက အခုအောက်တိုဘာ ၂၇ရက်က ထုတ်ပြန်ခဲ့ပါသေးတယ်။




Comments