TNLAထိန်းချုပ်မြို့တွေကို စစ်ကောင်စီ ဆက်တိုက်ဗုံးကြဲနေ
- BVJ

- Aug 1
- 1 min read
အရပ်သားထိခိုက်သေဆုံးမှုတိုးလာ
BVJ/ ဂျိုး ၊ ဇူလိုင် ၃၁-၂၀၂၅

ရှမ်းပြည်နယ်အတွင်းက တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်တော် တော်များများကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတာတွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ဒီရက်ပိုင်းတိုးလုပ်လာနေပြီး အရပ်သားထိခိုက်သေဆုံးတာတွေလည်း တိုးလာနေပါတယ်။
မနေ့က ဇူလိုင်လ (၃၀)ရက်နေ့မှာလည်း ကျောက်မဲနဲ့ နောင်ချိုမြို့နယ်တွေကို စစ်ကောင်စီက လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ဆရာတော်တပါးပျံလွန်ပြီးတော့ ဒေသခံအရပ်သားပြည်သူ ၆ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပလောင်ပြည်နည်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအတွင်းကို တိုက်ပွဲဖြစ်ပွားတာ တစုံတရာ မရှိဘဲနဲ့ လက်နက်ကြီး ၁၅လုံးထက်မနည်းပစ်ခဲ့တာဖြစ်ပြီး ဘုန်ကြီးကျောင်းကိုထိမှန်ခဲ့ပါတယ်။
“လက်နက်ကြီးက ရွာအတွင်းကဘုန်ကြီးကျောင်းကို ထိမှန်ခဲ့တာကြောင့် ဘုန်ကြီးတပါးပျံလွန်ခဲ့ပြီး အဲဒီကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ဒေသခံအရပ်သား ၅ဦးဒဏ်ရာရရှိခဲ့တာဖြစ်တယ်”လို့ TNLAထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
တဆက်တည်းမှာပဲ နောင်ချိုမြိုနယ်၊ ဟိုခိုကျေးရွာအတွင်းကိုလည်း အရပ်သားတွေကိုဦးတည်ပြီးတော့ စစ်ကောင်စီကရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးနှစ်လုံးကြဲချခဲ့သလို လက်နက်ကြီးနဲ့ ၁၀လုံးထက်မနည်းပစ်ခတ်ခဲ့တာကြောင့် အသက် ၅၀အရွယ် အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့သလို နေအိမ်တချို့လည်းပျက်စီးသွားတယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ (၂၆)ရက်နေ့ကလည်း ဟိုခိုကျေးရွာကို စစ်ကောင်စီတပ်ကနေ တိုက်ပွဲဖြစ်ပွား တာမရှိဘဲ ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး နှစ်လုံး လာရောက်ကြဲချခဲ့တာကြောင့် အရပ်သားပြည်သူ (၃)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။

အခုလအတွင်းမှာ TNLAထိန်းချုပ်ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချို၊ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေ့ါ၊ မိုးကုတ် စတဲ့ဒေသတွေကို စစ်ကောင်စီကလေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုတွေ နေ့တိုင်းနီးပါးလုပ်ဆောင်နေတာကြောင့် ထိခိုက်သေဆုံးသူအရပ်သားအများအပြားရှိနေပါတယ်။
စစ်ကောင်စီဟာ မြန်မာနိုင်ငံအနှံ့က လူနေကျေးရွာတွေ၊ စာသင်ကျောင်း၊ ဆေးရုံ၊ လူနေအိမ်၊ ဘာသာရေးအဆောက်အဦး၊ ဟိုတယ်၊ တည်ခိုးခန်းတွေနဲ့ လူနေထူထပ်တဲ့ဈေးတွေကို အဓိကဦးတည်ပြီးတော့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေကြောင်းနဲ့ အဲ့ဒီကျူးလွန်မှုတွေကို TNLAအနေနဲ့ အပြင်းအထန်ကန့်ကွက်ရှုတ်ချပြီး စစ်ကောင်စီရဲ့လုပ်ရပ်တွေရပ်တန့်အောင် တရုတ်နိုင်ငံအပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေအနေနဲ့ ကူညီဆောင်ရွက်ပေးကြဖို့လည်း TNLAဘက်က တောင်းဆိုထားပါတယ်။
ပုံစာ-ကျောက်မဲနဲ့ နောင်ချိုမြို့ကို စစ်ကောင်စီတပ်ဗုံးကြဲပြီးနောက် မြင်တွေ့ရပုံ
ဓာတ်ပုံ- TNLA







Comments