top of page

TNLAနဲ့MNDAAတို့ကြားပြဿနာကို လူထုအပေါ်မပုံချဖို့ တအာင်းအရပ်ဖက်အဖွဲ့အစည်းတွေ တောင်းဆို

  • Writer: BVJ
    BVJ
  • Feb 24
  • 1 min read

မိုနာ/BVJ_ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆

TNLAတပ်ဖွဲ့ဝင်များ
TNLAတပ်ဖွဲ့ဝင်များ

ရှမ်းပြည်မြောက်ပိုင်း၊ကွတ်ခိုင်မြို့မှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်-TNLAနဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-MNDAA တို့ကြားတင်းမာမှုပြဿနာတွေကို ပြည်သူလူထုအပေါ်ပုံချတာတွေနဲ့အကြမ်းဖက်တာတွေမလုပ်ဖို့ဆိုပြီး တအောင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ရက်-TCSNက ဒီနေ့ ဖေဖော်ဝါရီ ၂၄ရက်မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

 

ကွတ်ခိုင်မှာ PSLF/TNLAနဲ့MNTJP/MNDAA တပ်ဖွဲ့တွေအနေနဲ့ အခုလ ၁၃ရက်ကစပြီး မြေပြင်တင်းမာမှုဖြစ်ပွားခဲ့တာ တစ်ပါတ်ကျော်ကြာမြင့်ခဲ့ပြီး အဲ့ဒီအချိန်အတွင်းမှာ နှစ်ဖွဲ့တပ်ဖွဲ့ဝင်တွေအကြား အပြန်အလှန်ရိုက်နှက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရမှု၊ တပ်ဖွဲ့ဝင်ချင်းဖမ်းဆီးထိန်းသိမ်းမှု၊ ရန်လိုမှုတွေဖြစ်ပွားနေတာပါ။

 

TCSNရဲ့ဒီနေ့ထုတ်ပြန်ချက်ထဲမှာ တပ်ဖွဲ့နှစ်ခုကြားအငြင်းပွားမှုနောက်ဆက်တွဲအနေနဲ့ မြေပြင်ကပြည်သူလူထုက ကြားညှပ်ဓားစာခံဖြစ်ရပြီး ခါးစည်းခံနေရကြောင်းနဲ့ နောက်ဆက်တွဲပြဿနာကြောင့် လူထုကိုပစ်မှတ်ထား၊ ဖမ်းဆီး၊ ရိုက်နှက်၊ ဖြတ်သန်းသွားလာခွင့်ကန့်သတ်၊ ကုန်စည်စီးဆင်းမှုတွေပိတ်ဆို့တားမြစ် စတဲ့ လူထုကိုပစ်မှတ်ထားလက်စားချေမှု၊ရန်လိုမှုတွေပြုလုပ်နေတယ်လို့ ဖော်ပြပါတယ်။

 

ဒါ့အပြင် အွန်လိုင်းမှာလည်း အမုန်းစကားဖြန့်ဝေခြင်း၊ မဟုတ်မမှန် ဓါတ်ပုံ-ဗီဒီယိုတွေကိုအသုံးချ သွေးခွဲခြင်းစတဲ့ လူမျိုးရေးပဋိပက္ခအသွင်ဆောင်တဲ့ ပြဿနာဖန်းတီးနေတဲ့အပြုအမူတွေနဲ့ လူထုအပေါ်အကြမ်းဖက်မှုတွေဖြစ်ပွားနေတာကိုတွေ့မြင်ရတယ်လို့ ပြောထားပါတယ်။

 

ဒါကြောင့် အဲ့ဒီလုပ်ရပ်တွေကိုဆက်မလုပ်ဖို့ TCSNက တောင်းဆိုထားပါတယ်။

 

“MNTJP/MNDAAနဲ့ PSLF/TNLAတို့သည် ပြည်သူလူထုအားကာကွယ်ရန် လက်နက်ကိုင်လမ်းစဉ်ဖြင့် တော်လှန်တိုက်ပွဲဝင်ခဲ့သည့်အလျောက် မဟာမိတ်တပ်ဖွဲ့ချင်းဖြစ်ပွားနေသည့် ပြဿနာများကို ပြည်သူလူထုအပေါ်ပုံချကာရန်လိုခြင်း၊ ဖမ်းဆီးရိုက်နှက်ခြင်း၊ သွားလာခွင့်ပိတ်ပင်ခြင်း၊ ကုန်စည်သယ်ဆောင်ခွင့်တားဆီးခြင်းနှင့် လူထုအားအကြမ်းဖက်ခြင်းများကိုမပြုလုပ်ရန် တောင်းဆိုအပ်ပါသည်”

 

ပြီးတော့ လက်ရှိအငြင်းပွားမှုတွေကိုလည်း ဆွေးနွေးညှိနှိုင်းမှုလမ်းစဉ်နဲ့မဟာမိတ်ချင်း အမြန်ဆုံးပြေလည်မှုရရှိနိုင်ရေး ဖြေရှင်းကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

 

MNDAAတပ်ဖွဲ့ဝင်များ
MNDAAတပ်ဖွဲ့ဝင်များ

အခုထုတ်ပြန်ချက်ကို TCSNအဖွဲ့ဝင်တွေဖြစ်တဲ့ တအာင်းအမျိုးသမီးအဖွဲ့အစည်းအပါအဝင် တအောင်းကျောင်းသားနှင့်လူငယ်များအဖွဲ့၊ တအောင်းဥပဒေအထောက်အကူပြုဖောင်ဒေးရှင်း၊ တအောင်းကျန်းမာရေးအဖွဲ့အစည်း၊ တအာင်းကျန်းမာရေးအဖွဲ့အစည်း၊ တအာင်းသဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့၊ တအာင်းပညာရေးအင်စတီကျူ့တို့က ထုတ်ပြန်ထားတာပါ။

 

MNDAAနဲ့TNLAဟာ ကွတ်ခိုင်မြို့နေရာများစုမှာ MNDAAတပ်ဆင်ထားတဲ့ CCTVတွေကို TNLAကလိုက်လံဖြုတ်သိမ်းခဲ့သလို MNDAA တပ်ဖွဲ့ရုံး၊မြို့တော်ခန်းမစတဲ့ MNDAAရုံးတွေကို TNLAကပိတ်သိမ်းခဲ့တာကနေ နှစ်ဖက်တင်းမာမှုစတင်ခဲ့ပြီး အဲ့ဒီနောက်မှာ TNLAတပ်ဖွဲ့ဝင်တွေကို MNDAAတပ်ဖွဲ့ဝင်တွေကဖမ်းဆီးတာတွေ ရိုက်နှက်တာတွေရှိလာတယ်ဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်လာပါတယ်။

 

လက်ရှိမှာ တဖက်နဲ့တဖက်ညှိနှိုင်းလို့မရသေးဘဲ နှစ်ဖက်လုံးကစစ်အင်အားတွေဖြည့်တင်းထားကြတာကြောင့် တိုက်ပွဲဖြစ်လာမှာကို မြို့ခံတွေကစိုးရိမ်နေကြပါတယ်။

 

ကွတ်ခိုင်မြို့ကို “၁၀၂၇ စစ်ဆင်ရေး” အတွင်းမှာTNLAနဲ့MNDAAတို့ကသိမ်းပိုက်ခဲ့ကြပြီး ပူးတွဲအုပ်ချုပ်ရေးယန္တရားနဲ့ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page