ယမ်းပေါက်ကွဲမှုဖြစ်ခဲ့တဲ့ကောင်းတပ်ရွာပြန်လည်ထူထောင်ရေး KIOနဲ့ UWSAတို့ ပါဝင်လှူဒါန်း
- BVJ

- Jun 8
- 1 min read
အီးကေ/BVJ_ဇွန် ၇၊ ၂၀၂၆

ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာပြန်လည်ထူထောင်ရေးအတွက် ကချင်လွတ်လပ်ရေးအဖွဲ့- KIO က သိန်း ၅၅၀ ပါဝင်လှူဒါန်းခဲ့ကြောင်း ကောင်းတပ်ရွာပြန်လည်ထူထောင်ရေးကော်မတီစာရင်းကထုတ်ပြန်ချက်အရ သိရပါတယ်။
ကောင်းတပ်ရွာပြန်လည်ထူထောင်ရေးအတွက် KIO/KIA အပြင် "ဝ"တပ်မတော်- UWSAက ကျပ်သိန်း ၁၀၀နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPPကလည်း ဆန်အိတ် ၂၀နဲ့ ကျပ်သိန်း ၁၀၀၊ ပြည်တွင်းပြည်ပရှိ ဒေသအသီးသီးက တအာင်း၊ ကချင်၊ ရှမ်း၊ တရုတ်၊ ခိုလုံလီရှော၊ ဗမာ စတဲ့လူထုတွေကလည်း ပါဝင်လှူဒါန်းနေကြပါတယ်။

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်၊ကောင်းတပ်ရွာမှာ ပြီးခဲ့တဲ့ မေလ ၃၁ ရက်က တအာင်းတပ်စီးပွားရေးဌာနရဲ့ ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရွာခံ ၆၁ ဦးသေဆုံးခဲ့ပါတယ်။
ဒေသခံ ၁၅၀ကျော်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး နေအိမ်နဲ့အဆောက်အဦး ၆၈၀ ပျက်စီးသွားတာကြောင့် ဆေးဝါးနဲ့ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေလိုအပ်နေပါတယ်။
ကောင်းတပ်ရွာအတွက် ဇွန်လ ၄ ရက်ကနေ မနေ့ ၆ ရက်အထိ ကျပ်သိန်း ၄ ထောင်ကျော် (၄၂၅,၃၈၅,၂ဝဝ ကျပ်)နဲ့ တရုတ်ငွေ ယွမ် ၃၂,၁၉၅ (ကျပ်သိန်း ၁၈၀ကျော်)လက်ခံရရှိထားကြောင်း ကောင်းတပ်ရွာပြန်လည်ထူထောင်ရေးကော်မတီရဲ့စာရင်းမှာ ဖော်ပြထားတာတွေ့ရပါတယ်။




Comments