ဖမ်းဆီးထားတဲ့ ဂေါ်ရခါး ၈၀ကျော်ကို TNLAပြန်လွှတ်ပေး
- BVJ

- Aug 15
- 1 min read
မိုနာ/BVJ_ သြဂုတ် ၁၅၊ ၂၀၂၅

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLAက ဖမ်းဆီးထားတဲ့ ဂေါ်ရခါးလူမျိုး အယောက် ၈၀ကျော်ကို မနေ့က သြဂုတ် ၁၄ရက်မှာပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ပြီးခဲ့တဲ့ဇူလိုင်လအတွင်းကစတင်ပြီး ဂေါ်ရခါး အမျိုးသမီးတွေ၊ လူကြီးတွေအပါအဝင် လူငယ်အများစုကို TNLAရဲ့ တပ်သားအဖြစ် အတင်းအကြပ်ဖမ်းဆီးစုဆောင်းခံရပြီးနောက်မှာ အခုလိုလွှတ်ပေးလိုက်တာဖြစ်ပါတယ်။
“TNLAက စုဆောင်းရေးဖမ်းထားတဲ့ဂေါ်ရခါးတွေကို အကုန်ပြန်လွှတ်ပေးလိုက်ပါပြီ။ (လွှတ်ပေးပြီး)သဘောတူညီချက်မျိုးတော့မတောင်းဘူး ဆန္ဒရှိရင်လာထမ်းဆောင်ပါလို့ပဲ ပြောလိုက်တယ်”လို့ ဂေါ် ရခါးလူငယ်တစ်ဦးက Burma VJကို ပြောပါတယ်။
ဖမ်းဆီးပြီးထိန်းသိမ်းထားတဲ့ ပိန်းပြစ်ရဲစခန်းကနေ ပြန်လွှတ်ပေးလိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။
အခုလ ၅ရက်က ပြုလုပ်တဲ့PSLF/TNLAသတင်းစာရှင်းလင်းပွဲမှာတော့ TNLAဘက်က ဂေါ်ရခါးလူမျိုးစုတွေကို အတင်းအကြပ်ဖိအားပေးခေါ်ဆိုတာမျိုးမရှိဘဲ မိုးကုတ်ဒေသလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့သာခေါ်တာဖြစ်တာဖြစ်ကြောင်းနဲ့ ဒီကိစ္စအတွက် နှစ်ဖက်တာဝန်ရှိလူကြီးတွေ ဆွေးနွေးသွားကြမှာဖြစ်တယ်လို့ PSLF/TNLAပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောခဲ့ပါသေးတယ်။
အဲ့ဒီနောက် မနေ့ကသြဂုတ် ၁၄ရက်မှာ ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
TNLAထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့တွင်းက ဂေါ်ရခါးလူမျိုးတွေနေထိုင်တဲ့ရပ်ကွက်တွေမှာ ရပ်ကွက်တစ်ခုကို စစ်မှုထမ်းဖို့ဂေါ်ရခါးသုံးယောက်ပေးရမယ်လို့ TNLAဘက်ကတောင်းလာတာကြောင့် ဂေါ်ရခါးလူမျိုးတွေကလက်မခံဘဲကန့်ကွက်တဲ့အတွက် ဖမ်းဆီးတာ၊ အတင်းအကြပ်တပ်သားအဖြစ်စုဆောင်းမှုတွေ ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ပုံစာ- PSLF/TNLA ၏ အခြေခံစစ်သင်တန်း အပတ်စဥ် (၆၅)က သင်တန်းသူ၊ သင်တန်းသားများ။







Comments