ဂေါ်ရခါးတွေကို အတင်းအကြပ်တပ်သားစုဆောင်းနေတဲ့အပေါ် TNLA ငြင်းဆို
- BVJ

- Aug 5
- 1 min read
တပ်သားအဖြစ်ပူးပေါင်းရေး နှစ်ဖက်အဖွဲ့အစည်းညှိနှိုင်းနေ
မိုနာ/BVJ_သြဂုတ် ၅၊ ၂၀၂၅

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ပြီးခဲ့တဲ့ဇူလိုင်လအတွင်းကစတင်ပြီး ဂေါ်ရခါးအမျိုးသားတွေကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLAရဲ့ တပ်သားအဖြစ် အတင်းအကြပ်ဖမ်းဆီးစုဆောင်းနေတယ်လို့ ဂေါ်ရခါးလူမျိုးတွေနဲ့အဖွဲ့အစည်းတွေက ပြောထားပါတယ်။
ဒါပေမယ့် TNLAဘက်ကတော့ ဂေါ်ရခါးတွေကိုအတင်းအကြပ်ဖိအားပေးခေါ်ဆိုတာမျိုးမရှိဘဲ ပူးပေါင်းဆောင်ရွက်ဖို့သာခေါ်တာဖြစ်တာကြောင့် ဒီကိစ္စအပေါ် စိုးရိမ်စရာမရှိဘူးလို့ ဒီနေ့ သြဂုတ် ၅ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLAပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက Burma VJကို ပြောပါတယ်။
“မိုးကုတ်အပါအဝင် တအာင်းဒေသတွေလုံခြုံအောင်ဆောင်ရွက်နိုင်ဖို့အတွက် ဒေသလူမျိုးတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုလိုအပ်နေလို့ ဖိတ်ခေါ်နေတာမျိုးတွေရှိပါတယ်။ ဒီကိစ္စကတော့စိုးရိမ်စရာမျိုး မရှိပါဘူး။ အတင်းအကြပ်စုဆောင်းတာမျိုးတွေကို ကျမတို့လုပ်ဆောင်တာမျိုးတွေတော့မရှိသေးဘူး။ အဓိကတော့ဂေါ်ရခါးလူမျိုးတွေရဲ့ လူမျိုးစုခေါင်းဆောင်ရော PSLF/TNLA မှာတပ်သားစုဆောင်းနေတဲ့ အဖွဲ့ကရော ဒီကိစ္စကို နှစ်ဖက်ဆွေးနွေးနေကြပါတယ်။ သူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကို ရရှိမယ်ဆိုရင်တော့ ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရတဲ့အချိန်မှာ ပိုမိုလွယ်ကူမြန်ဆန်ပြီးဆောင်ရွက်နိုင်မှာဖြစ်ပါတယ်”
ညှိနှိုင်းနေတယ်ဆိုပေမယ့် TNLAက ဂေါ်ရခါးလူမျိုးစုဘက်က လူဦးရေတစ်ထောင်ကိုတပ်သားအဖြစ် ပြီးခဲ့တဲ့နှစ်လလောက်ကထဲက တောင်းယူနေတာဖြစ်တယ်လို့ ဂေါ်ရခါးအဖွဲ့အစည်းဘက်က ပြောပါတယ်။
TNLAပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ လူဦးရေတစ်ထောင်ဆိုပြီးသတ်မှတ်တောင်းထားတာမျိုး မရှိကြောင်းနဲ့ လက်ရှိမှာလည်းဆွေးနွေးနေဆဲဖြစ်ပြီး ဂေါ်ရခါးလူမျိုးတွေဘက်ကပူးပေါင်းပါဝင်မယ်ဆို ကြိုဆိုတယ်လို့ သတင်းစာရှင်းပွဲမှာပြောပါတယ်။
မိုးကုတ်မှာနေထိုင်တဲ့ ဂေါ်ရခါးဒေသခံတစ်ဦးက “အရင်က meeting ဆိုပြီး ၄ ၊၅ခါ ခေါ်တယ်။ ဂေါ်ရခါး communityနဲ့၊ စစ်မှု့ထမ်းကိစ္စက ဘယ်သူမှ မလုပ်ချင်ကြကြောင်း၊ အကယ်လို့ force လာလုပ်ရင် မိုးကုတ်ကနေထွက်ခွာကြမယ်လို့ပြော ညှိကြသေးတယ်။အခုကလမ်းတလျောက် ဂေါ်ရခါးလား၊ ဂေါ်ရခါးဆို ကားပေါ်တက်ဆိုပြီး ၁၅ယောက် လောက်ဖမ်းသွားတာ၊ ဖမ်းပြီး ခေါင်းတုံးတာတွေလုပ်ပြီး တစ်ညထားတယ်။ ပြီးတော့အဖွဲ့အစည်းကို လာညှိခိုင်းတယ်။ သူတို့ပြောတာက တစ်ရပ်ကွက်ကို ၃ ယောက်ပေးရမယ်၊ သား၃ယောက်ရှိတဲ့လူ ၁ယောက်ပေးရမယ်လို့ပြောတယ်“လို့ Burma VJကို ပြောပါတယ်။
ဒါ့အပြင် လမ်းတွေပေါ်ဖမ်းဆီးတာ၊တအိမ်ဝင်တအိမ်ထွက် ရှာဖွေဖမ်းခေါ်တာတွေလုပ်နေတဲ့အတွက် ဂေါ်ရခါးလူမျိုးတွေဟာ နေအိမ်နဲ့ရွာတွေမှာမနေရဲဘဲ တိမ်းရှောင်တာတွေလုပ်နေရသလို သက်ကြီးပိုင်းတွေနဲ့ ကျောက်တွင်းတူးသမားတချို့ကိုလည်း တွင်းကွက်မှာလာဖမ်းဆီးမှုတွေရှိနေတယ်လို့ ဂေါ်ရခါးဒေသခံတွေပြောပါတယ်။
TNLAထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့တွင်းက ဂေါ်ရခါးလူမျိုးတွေနေထိုင်တဲ့ ရပ်ကွက်တွေမှာ ရပ်ကွက်တစ်ခုကို စစ်မှုထမ်းဖို့ဂေါ်ရခါးသုံးယောက်ပေးရမယ်လို့ TNLAဘက်ကတောင်းလာတာကြောင့် ဂေါ်ရခါးလူမျိုးတွေကလက်မခံဘဲကန့်ကွက်တဲ့အတွက် ဖမ်းဆီးတာ၊ အတင်းအကြပ်တပ်သားအဖြစ်စုဆောင်းမှုတွေ ရှိလာတာဖြစ်တယ်လို့ ဂေါ်ရခါးလူမျိုးတွေဆီက သိရပါတယ်။







Comments