TNLAကို သစ္စာဖောက်လို့ပက်ပက်စက်စက်ပြောနေသူတွေ ပြန်သုံးသပ်ကြဖို့ တအာန်းတပ်ခေါင်းဆောင် ပြော
- BVJ

- Dec 2, 2025
- 1 min read
မိုးကုတ်၊ မိုးမိတ်ပြန်ပေးလိုက်ရပေမယ့် ပွဲမပြီးသေးဘူးလို့ဆို
BVJ/ဂျိုး_ ဒီဇင်ဘာ ၂၊ ၂၀၂၅

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်ကိုစစ်အုပ်ဆီပြန်ပေးလိုက်ရပေမယ့် ပွဲမပြီးသေးဘဲ သစ္စာဖောက်လို့ ပက်ပက်စက်စက်ပြောနေသူတွေဟာ သေချာပြန်သုံးသပ်ကြဖို့ကို (PSLF/TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်က ပြောလာပါတယ်။
“ကျည်မရှိ၊ ဘတ်ဂျတ်မရှိ သေစရာလူသူလည်းနည်းလာတော့ မိုးကုတ်-မိုးမိတ်နဲ့ညှိပြီး အပစ်ရပ်ရတယ် ပွဲကမပြီးသေးပါဘူး။ ဒါပေမဲ့အဆဲတွေက စုံလွန်းလှပါတယ်။ အိုကွယ် မင်းတို့ကိုကျွေးခဲ့လို့လူဖြစ်လာတဲ့သူတွေ မိုးကုတ်ကိုပြန်သိမ်းတာမြင်ချင်စမ်းပါတယ်။တို့ကို ဆဲလို့ မောရင်ဖြစ် နားနားပြီးဆဲပြီးတော့ စစ်အာဏာရှင်ကိုလည်း နားနားပြီးတိုက်ပါလေ”လို့ သူ့ရဲ့ Facebook လူမှုကွန်ရက်မှာ မနေ့က ဒီဇင်ဘာ ၁ရက်ညပိုင်းက ဖော်ထုတ်ရေးသားထားပါတယ်။
TNLAအနေနဲ့သိမ်းထားပြီးသားမြို့ကို တရုတ်ရဲ့ကြားဝင်ညှိနှိုင်းမှုနဲ့ စစ်အုပ်စုကိုအခုလိုပြန်ပေးလိုက်ရတာဖြစ်ပြီး မြို့ကိုပေးလိုက်ရတဲ့အပြင် TNLAကိုယ်တိုင်စစ်အုပ်စုတပ်ကို မြို့ထဲခေါ်သွင်းလာရတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာကြောင့် ဝေဖန်မှုတွေရှိနေပါတယ်။
ဗိုလ်ချုပ်တာဘုန်းကျော်ကတော့ အခြေအနေအရ ဒီမြို့တွေကိုပြန်ပေးလိုက်ရတာကြောင့် မြို့သိမ်းတိုက်ပွဲတွေမှာ ပေးဆပ်အနစ်နာခံခဲ့သူတွေကို တောင်းပန်ကြောင်းလည်း ရေးထားပါသေးတယ်။
“မိုးကုတ်-မိုးမိတ်ပြန်ပေးလိုက်ရတဲ့အပေါ် နိုင်ငံရေးဖျာခင်းသူနဲ့ ဘာမှန်းမသိဆဲချင်သူတွေကို ရှင်းချင်ပါတယ်။ ပထမဆုံးတကယ်ပေးဆပ်နစ်နာသူတွေကို တောင်းပန်ချင်ပါတယ်။ ရင်ထဲလှိုက် လှိုက်လှဲလှဲ နာကြင်ရတာမို့ အနူးအညွတ်တောင်းပန်ပါတယ်”
ဒါ့အပြင် မိုးကုတ်မြို့ကိုလက်ထဲရောက်ပြီးမှ ပြန်ပေးလိုက်ရတဲ့အပေါ်ကိုလည်း အခုလိုပြောထားပါတယ်။
“တအာင်းနိုင်ငံရေးရဲ့ပန်းတိုင်တခုဟာ မိုးကုတ်မြို့ကိုတအာင်းပြည်နယ်ထဲ ပြန်ပါအောင် ကြိုးပမ်းရေးဖြစ်တယ်။ ရှေးယခင် နှစ်ပေါင်းထောင်ချီကတည်းက တအာင်းလူမျိုးတို့တည်လာတဲ့ မိုးကုတ်(မိုဂူ;-လင်းလင်တဲ့ကျောက်)ဟာ တအာင်းလူမျိုးလက်ထဲ ပြန်ရောက်ရမယ်လို့ ရည်မှန်းထားပါတယ်။အခုတော့ လက်ထဲရောက်တဲ့ကိတ်မုန့်ကို မစားရပဲ ပုတ်ချခံလိုက်ရသလိုမျိုး အသည်းကွဲရပါတယ်”လို့ TNLAအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်ကပြောပါတယ်။
TNLAအနေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအင်အားစုတွေကို အကောင်းဆုံးပံ့ပို့ပေးခဲ့သလို ဒီသုံးလေးနှစ်အတွင်း ရဲဘော်အင်အားထောင်ချီပြီးတော့ ပေးဆပ်ရင်းခဲ့ရကြောင်းနဲ့ ဒေါ်လာဘီလီယံချီအကြွေးတင်ခဲ့တယ်လို့လည်း ရေးထားပါသေးတယ်။
“နွေဦးတော်လှန်ရေးမှာ ဆယ်နှစ်ကျော်တည်ဆောက်ထားတဲ့ အရင်းအမြစ်တွေနဲ့ အကောင်းဆုံးပံ့ပိုးခဲ့တယ်။လက်သုံးချောင်းထောင်သူတွေကို လစဉ် ဆန်အိတ်ထောင်ကြီးပိုင်းကျွေး မွေးမြှင့်တင်လေ့ကျင့်ထားတယ်။ ၃-၄ နှစ်ကာလအတွင်း ရဲဘော်အင်အားထောင်ချီပေးဆပ် အရင်းပြုခဲ့တယ်။ လက်နက်အကြွေး ဒေါ်လာဘီလီယံချီ အကြွေးတင်ခဲ့တယ်။ အာဏာရှင်နံရံကို ခေါင်းနဲ့အတင်းဝင်တိုက်လို့ ဦးခေါင်းကသွေးချင်းနီရဲလို့ သေမလောက်ပါပဲ။ ဗမာတွေ ဒီဒေးခေါ်လို့ လိုက်မပါနိုင်ပေမဲ့ မှီရာအရှိန်နဲ့လိုက်ဖို့ကြိုးပမ်းခဲ့တယ်”
ဒါအပြင့် လက်ရှိ TNLAကို သစ္စာဖောက်လို့ ပြောဆိုနေသူတွေအနေ့နဲ့လည်း သေချာပြန်သုံးသပ်ကြဖို့ဆိုပြီး (PSLF/TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော်ကပြောဆိုထားပါတယ်။
“ကံမကုန်သေးရင်တော့ ကြိုးစားသူအတွက် ရလာဒ်ရှိစမြဲလို့ ယုံကြည်ပါတယ်။သစ္စာဖောက်လို့ ပက်ပက်စက်စက်ပြောသူတွေကို တော်လှန်ရေးနှလုံးသေချာပြန်သုံးသပ်ပြီး အရှိတရားတွေကို လက်ကိုင်ထားစေချင်ပါတယ်”

မိုးကုတ်မြို့ကိုပြန်ပေးလိုက်တဲ့ TNLAနဲ့ပတ်သက်ပြီး သတင်းတွေအမျိုးမျိုးထွက်ပေါ်နေပေမယ့် TNLAအနေနဲ့ တရားဝင်ထုတ်ပြန်ဖြေရှင်းတာမျိုးမရှိခဲ့ဘဲ ဝေဖန်မှုတွေမြင့်တက်နေချိန်မှာ TNLAအထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်က သူ့ရဲ့လူမှုကွန်ရက်ကနေ အခုလိုထုတ်ဖော်ရေးသားလာတာပါ။
မိုးကုတ်၊ မိုးမိတ်ဒေသကနေ TNLAတပ်တွေပြန်ဆုတ်ရတော့မယ်လို့ကြေညာပြီးချိန်မှာပဲ မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်းပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်တွေဟာ မိုးကုတ်ကိုဆက်ကာကွယ်သွားမယ်လို့ အသီးသီးထုတ်ပြန်ကြေညာခဲ့ကြပါတယ်။
လက်ရှိမှာတော့ အာဏာသိမ်းစစ်တပ်က မိုးကုတ်မြို့အဝင်အထွက်ဂိတ်တွေမှာ နေရာယူထားလိုက်ပြီဖြစ်သလို မြို့ပြင်မှာတပ်စွဲထားတဲ့တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေကြောင်း ဒေသသတင်းရင်းမြစ်တွေက အတည်ပြုထားပါတယ်။







Comments