တအာင်းပြည်မှာ ဆေးကျောင်းဖွင့်လှစ်မယ်
- BVJ

- Feb 12
- 1 min read
◼️NUGပညာရေးဝန်ကြီးဌာနအောက် ပညာသင်ထားသူများလျှောက်ထားနိုင်
ယူဂရင်း/BVJ_ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆

ဆေးတက္ကသိုလ်(မန္တလေး)၊ယာယီတက္ကသိုလ်ကောင်စီ(IUC)နဲ့ Ta’angland Health Council(THC)တို့ လက်အောက်က ကျန်းမာရေးဆိုင်ရာကျွမ်းကျင်ပညာရှင်တွေပူးပေါင်းပြီး တအာင်းပြည်တနေရာမှာ ဆေးကျောင်း(အပါတ်စဉ် ၁)ကို ဖွင့်လှစ်သွားမှာဖြစ်တာကြောင့် လျှောက်ထားကြဖို့ကို PSLF/TNLAက ထုတ်ပြန်လာပါတယ်။
တအာင်းပြည်တွင်းရှိ ပြည်သူလူထုအနေနဲ့ အရည်အသွေးပြည့်မီစိတ်ချယုံကြည်ရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုရရှိစေဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တကျပေးနိုင်တဲ့ ဆေးပညာရှင်တွေကို စဉ်ဆက်မပြတ်မွေးထုတ်ဖို့ရည်ရွယ်ပြီး အခု ၂၀၂၆ခုနှစ်ကစတင်ဖွင့်လှစ်မှာဖြစ်တယ်လို့ သိရပါတယ်။
လျှောက်ထားနိုင်သူတွေဟာ ၂၀၂၁ခုနှစ်မတိုင်မီ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သူတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပညာရေးဝန်ကြီးဌာန(MOE)ကနေ အခြေခံပညာပြီးမြောက်ထားသူတွေ၊ တအာင်းပညာရေးကောင်စီ(TLEC)ရဲ့ အခြေခံကျောင်းတွေကနေ ၁၂တန်းအောင်မြင်ထားသူတွေ၊ GEDအောင်မြင်ထားသူတွေ၊ IGCSEအောင်မြင်ထားသူတွေဖြစ်ပါတယ်။

လျောက်ထားချင်သူတွေအနေနဲ့ မတ်လ ၁၀ရက်နေ့ နောက်ဆုံးလျှောက်ထားရမှာဖြစ်ပြီး ရွေးချယ်ခံရသူတွေအနေနဲ့ အစအဆုံး ၇နှစ်ပြီးမြောက်အောင်တက်ရမှာဖြစ်သလို သင်တန်းပြီးရင်လည်း တအာင်းပြည်(သို့မဟုတ်) တော်လှန်ရေးဒေသမှာ အနည်းဆုံး(၃)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမှာပါ။
အပါတ်စဉ် (၁)အတွက် သင်တန်းသား (၃၀)ဦးနဲ့ မေလ ၄ရက်မှာစတင်မှာဖြစ်ပြီး ပြီးဆုံးပါက ဆေးပညာဘွဲ့(M.B.,B.S)ပေးအပ်မှာဖြစ်တယ်လို့ သိရပါတယ်။




Comments