ယမ်းစက်ရုံပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူတွေကို TNLAက ကျပ်သိန်းတစ်ရာစီထောက်ပံ့
- BVJ

- Jun 8
- 1 min read
ယူဂရင်း/BVJ_ ဇွန် ၈၊ ၂၀၂၆

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA ထိန်းချုပ်ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာမှာယမ်းစက်ရုံပေါက်ကွဲခဲ့တာကြောင့် သေဆုံးခဲ့တဲ့ ပြည်သူတွေကို တစ်ဦးကိုငွေကျပ်သိန်းတစ်ရာစီထောက်ပံ့ခဲ့တယ်လို့ PSLF/TNLAက ဒီနေ့ ဇွန် ၈ရက်မှာထုတ်ပြန်ပါတယ်။
TNLAရဲ့ယမ်းစက်ရုံပေါက်ကွဲမှုကြောင့် သေဆုံးသူ ၆၀ဦးဝန်းကျင်အထိရှိခဲ့ပြီး အဲ့ဒီသေဆုံးသူတွေအတွက်ရည်လည်ဆွမ်းသွပ်တရားနာအလှုကို အခုလ ၆ရက်ကကျင်းပခဲ့ပါတယ်။
အဲ့ဒီရက်လည်ဆွမ်းသွပ်ကို PSLF/TNLA ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ ဒုဥက္ကဋ္ဌ (၂)ဗိုလ်ချုပ် တားခူလန်၊ အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း၊ အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး တားပါင်လနဲ့တို့နဲ့ ဒေသခံတွေ၊ ကျန်ရစ်သူမိသားစုဝင်တွေ တက်ရောက်ခဲ့ကြကြောင်းနဲ့ ယမ်းပျော့မတော်တဆပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုးခဲ့ရသူတွေရဲ့ ကျန်ရစ်မိသားစုတွေကို PSLF/TNLAက လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ကွယ်လွန်သူတစ်ဦးကို ငွေကျပ်သိန်း (၁၀၀)နှုန်းထောက်ပံ့ပေးအပ်ခဲ့ပြီး အဲ့ဒီကူညီထောက်ပံ့မှုဟာ PSLF/TNLA ရဲ့သီးသန့်ရန်ပုံငွေဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေအတွက်လည်း လိုအပ်တဲ့ဆေးဝါးကုသမှုတွေ၊ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ အခြားလိုအပ်တဲ့အကူအညီတွေကို ဆက်လက်ပံ့ပိုးကူညီပေးနေကြောင်းနဲ့ လက်ရှိမှာ ကောင်းတပ်ရပ်ကွက် ပြန်လည်ထူထောင်ရေးကော်မတီအနေနဲ့လည်း အလှုငွေ တရုတ်ယွမ်ငွေ (၂၀၆,၄၃၅) ယွမ်နဲ့ မြန်မာကျပ်ငွေ (၉၀၀,၄၁၈,၃၅၀) ကျပ်တို့ကိုရရှိထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၃၁ရက်မှာ TNLAရဲ့ယမ်းစက်ရုံပေါက်ကွဲခဲ့တဲ့အတွက် လူသေဆုံးထိခိုက်မှုများခဲ့တာကြောင့် ယမ်းစက်ရုံကိုလူနေရပ်ကွက်ထဲဆောက်ထားတဲ့အပေါ် ဝေဖန်မှုတွေမြင့်တက်ခဲ့သလို ဒီပေါ်မှာ PSLF/TNLAအနေနဲ့တာဝန်ယူတာဝန်ခံမှုရှိဖို့ကိုလည်း တအာင်းအဖွဲ့အစည်းတွေကတိုက်တွန်းခဲ့ကြပါတယ်။
PSLF/TNLAကတော့ အဲ့ဒါဟာယမ်းပျော့တွေမတော်တဆပေါက်ကွဲတာဖြစ်ပြီး အသက်ဆုံးရှုံးခဲ့ရသူတွေနဲ့ ထိခိုက်နစ်နာခဲ့ရတဲ့ မိသားစုတွေအပေါ် PSLF/TNLAအနေနဲ့ ထပ်တူဝမ်းနည်းကြေကွဲရကြောင်းနဲ့ အခုဖြစ်စဉ်အတွက် လေးနက်စွာ တောင်းပန်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။




Comments