ယူကရိန်းစစ်ပွဲမှာ ရုရှားကို စစ်မရှုံးစေချင်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြော
- BVJ

- Jul 4
- 1 min read
BVJ _ ဇူလိုင် ၄ ၊ ၂၀၂၅

ရုရှား-ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က စစ်ရေးရှုံးနိမ့်တာ မလိုချင်ဘူးလို့ တရုတ်နိုင်ငံခြား ရေးဝန်ကြီးဝမ်ယီက ဥရောပသမဂ္ဂ (EU) ထိပ်တန်းသံတမန် ကာဂျာကာလက်စ်ကို မနေ့ ဇူလိုင် ၃ ရက်မှာ ပြောကြားခဲ့တဲ့အကြောင်း South China Morning Post (SCMP) က သတင်းဖော်ပြထားပါတယ်။
ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေးမှာ အီးယူနိုင်ငံခြားရေး ရာမူဝါဒအကြီးအကဲ ကာဂျာကာလက်စ်ကို ဝမ်ယီက ပြောကြားခဲ့တာဖြစ်ပါတယ်။ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ဖိအားပေးနေတဲ့ ရုရှား ယူကရိန်းစစ်ပွဲမှာ ရှုံးနိမ့်ခဲ့ရင်၊ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ မျှားဦးက သူတို့ဘက်လှည့်လာနိုင်တဲ့အတွက် တရုတ်နိုင်ငံက လက်မခံနိုင်ဘူး ဖြစ်နေပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲရှည်ကြာနေပါက အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက တရုတ်အပေါ် အာရုံစိုက်မှု လျော့နည်းပြီး ထိုင်ဝမ်ကို ကိုယ်ပိုင်နယ်မြေတစ်ခု လုပ်ဆောင်နိုင်ရေးလို တရုတ်ရဲ့မဟာဗျူဟာမြောက်လုပ်ဆောင်ရမယ့်ကိစ္စရပ်တွေအပေါ် ဝင်ရောက်စွက်ဖက်မှု ရှောင်လွှဲနိုင်မှာဖြစ်တယ်လို့ တရုတ်ဘက်က လက်ခံထားပါတယ်။
ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ ရုရှားကို အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ထားချိန် တရုတ်က စစ်ဘက်ဆိုင်ရာအကူအညီတွေ ရုရှားကိုပေးနေတယ်လို့ ဥရောပနိုင်ငံတွေက စွပ်စွဲပြောဆိုမှုတွေနဲ့ပတ်သက်ပြီး ဝမ်ယီက ငြင်းဆိုထားပါတယ်။
ယူကရိန်းသမ္မတ ဇယ်လင်စကီးကလည်း တရုတ်အနေနဲ့ မော်စကိုအတွက် စစ်ဘက်လက်နက်တွေ ထောက်ပံ့နေတယ်လို့ ပြီးခဲ့တဲ့ မေ ၂၉ ရက်က စွပ်စွဲပြောကြားခဲ့ပါတယ် တရုတ်က ရုရှားကို စစ်ဘက်ဆိုင်ရာလက်နက်တွေ ထောက်ပံ့မှုတွေလုပ်ဆောင်ပေးနေချိန် ယူကရိန်းနဲ့ အနောက်နိုင်ငံ တွေဆီ ဒရုန်းလက်နက် ရောင်းချနေမှုတွေကို တရုတ်ဘက်က ရပ်တန့်ထားခဲ့တယ်လို့ Bloomberg မှာ ဖော်ပြထားပါတယ်။
ရုရှား-တရုတ် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုအားကောင်းလာသလို လာမယ့်စက်တင်ဘာမှာ တရုတ်နိုင်ငံမှာ ကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးတွေ့ဆုံပွဲမှာလည်း တရုတ်သမ္မတ ရှီကျင်းဖျင်နဲ့ တွေ့ဆုံဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က သဘောတူထားပါတယ်။







Comments