ယူကေဝန်ကြီးချုပ်သစ် အန်ဒီ ဘန်းဟမ် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ယူကရိန်းနိုင်ငံကိုသွားရောက်မည်
- BVJ

- Aug 24
- 1 min read
နီသွင်/BVJ_သြဂုတ် ၂၄၊ ၂၀၂၆

ယူကေဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် အန်ဒီ ဘန်းဟမ် (Andy Burnham)ဟာ တနင်္လာနေ့မှာကီယက်ဗ်မြို့ကိုသွားရောက်မှာဖြစ်ပြီး၊ ယူကရိန်းနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ကိုဂုဏ်ပြုဖို့နဲ့ ယူကရိန်းအပေါ် ယူကေနိုင်ငံရဲ့ခိုင်မာတဲ့ထောက်ပံ့မှုကို ထပ်လောင်းအတည်ပြု ပြောကြားသွားမှာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဘန်းဟမ်ဟာ သူ့အရင်ဝန်ကြီးချုပ် ဆာ ကီယာစတာမာ (Sir Keir Starmer) လက်ထက်ကရေးဆွဲခဲ့တဲ့ "ဆန္ဒတူ မဟာမိတ်အဖွဲ့" (coalition of the willing) ရဲ့ပထမဆုံး အစည်းအဝေးကိုလည်း ဦးဆောင်ကျင်းပမှာဖြစ်ပါတယ်။ ဒါ့အပြင် ယူကရိန်းအပေါ် ယူကေရဲ့ အားပေးထောက်ပံ့မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ယူကေပြည်သူတွေကိုယ်စား ဂုဏ်ပြုဆုတစ်ခုလက်ခံရယူဖို့နဲ့ လွတ်လပ်ရေးနေ့အခမ်းအနားတွေမှာလည်း ပါဝင်ဆင်နွှဲဖို့ရှိနေပါတယ်။
လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ရုရှားဘက်ကလေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာခဲ့ပြီး သောကြာနေ့က လူပေါင်းအနည်းဆုံး ၁၆ဦးသေဆုံးခဲ့ရတဲ့ ဈေးဝယ်စင်တာတစ်ခုအပေါ် တိုက်ခိုက်မှုအပါအဝင် အခြေအနေတွေကြောင့် ယူကရိန်းအတွက် ယူကေရဲ့ကျောထောက်နောက်ခံပေးမှုကို ဘန်းဟမ်က အခုလိုထပ်လောင်းအတည်ပြုပေးမှာဖြစ်ပါတယ်။
ယူကရိန်းနဲ့ ယူကေတို့အကြားရှိတဲ့ချစ်ကြည်ရင်းနှီးမှုဟာ “ရုရှားရဲ့ တရားမဝင် စစ်ပွဲထက် အများကြီးပိုပြီးရှည်ကြာရပ်တည်နေမှာပါ”လို့ သူကပြောခဲ့ပါတယ်။ ဒါဟာ မကြာသေးခင်က ရုရှားရဲ့အခြေခံအဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်ရာမှာ ယူကရိန်းဘက်က ယူကေလုပ်ဒရုန်းတွေကို အသုံးပြုခဲ့မှုနဲ့ပတ်သက်ပြီး မော်စကိုဘက်က “နောက်ဆက်တွဲ အကျိုးဆက်တွေ” ရှိလာမယ်လို့ သတိပေးခဲ့ပြီးနောက်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ယူကရိန်းဟာ ရုရှားရဲ့ရေနံချက်စက်ရုံတွေနဲ့ နိုင်ငံရဲ့ အကြီးဆုံးအွန်လိုင်းလက်လီရောင်းချသူ Wildberries ရဲ့ ဂိုဒေါင်တွေကိုပစ်မှတ်ထားပြီး မော်စကိုနဲ့ အခြား ရုရှားဒေသတွေအပေါ် ဝေးလံတဲ့ပစ်မှတ်တွေကို တိုက်ခိုက်မှုတွေတိုးမြှင့်လုပ်ဆောင်နေပါတယ်။ ယူကေနိုင်ငံဆိုင်ရာ ရုရှားသံရုံးကလည်း ယူကေဟာ “ယူကရိန်း အကျပ်အတည်းကို ပိုမိုတင်းမာလာစေဖို့ ရည်ရွယ်ချက်ရှိရှိ ရွေးချယ်လုပ်ဆောင်နေတယ်”လို့ စွပ်စွဲခဲ့ပြီး “ပဋိပက္ခထဲမှာ ပိုပြီး နက်နက်ရှိုင်းရှိုင်း ပါဝင်လာလေလေ၊ ပေးဆပ်ရမယ့်တန်ဖိုးကလည်း ပိုကြီးလေလေဖြစ်လိမ့်မယ်”လို့ သတိပေးပြောကြားထားပါတယ်။
ရုရှားရဲ့ ခြိမ်းခြောက်မှုနဲ့ပတ်သက်လို့ အင်္ဂါနေ့ကမေးမြန်းမှုကို ဘန်းဟမ်က ဖြေကြားရာမှာ ယူကေအနေနဲ့ “ယူကရိန်း ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ဖို့အတွက် အထောက်အပံ့တွေ ဆက်လက်ပေးအပ်နေတာဖြစ်ပြီး အရင်ဝန်ကြီးချုပ်တွေလက်ထက်ကတည်းက ဒီပဋိပက္ခတလျှောက်လုံး ယူကေရဲ့ ရပ်တည်ချက်က အဲဒီအတိုင်းပါပဲ၊ ကျွန်တော့်လက်ထက်မှာလည်း ဆက်လက် တည်ရှိနေဆဲပါပဲ” လို့ ဆိုပါတယ်။
ဒါ့အပြင် ယူကေရဲ့ Storm Shadow ဒုံးကျည်ရဲ့ ပြင်သစ်ဘက် အစိတ်အပိုင်းဖြစ်တဲ့ အဝေးပစ် Scalp ဒုံးကျည်တွေအတွက် ယူကေဘက်က ပါဝင်တဲ့ ပစ္စည်းအစိတ်အပိုင်းဆိုင်ရာ အချက်အ လက်တွေကို လျှို့ဝှက်ချက်ဖြုတ်ပေးဖို့ ကာကွယ်ရေးကုမ္ပဏီ MBDA နဲ့ အစိုးရဘက်က သဘောတူညီခဲ့ပြီဖြစ်ကြောင်း ဘန်းဟမ်က ကြေညာဖို့ ရှိနေပါတယ်။ ဒုံးကျည်နှစ်မျိုးစလုံးဟာ ယူကေနဲ့ ပြင်သစ်တို့ ပူးတွဲသုံးစွဲတဲ့ နည်းပညာကို အသုံးပြုထားကြပြီး သမ္မတ အမ်မနူယ် မက်ခရွန် (Emmanuel Macron) ကလည်း ယူကရိန်းနိုင်ငံအတွင်းမှာ Scalp ဒုံးကျည်တွေအတွက် ဒေသတွင်း တပ်ဆင်ထုတ်လုပ်မယ့် စက်ရုံလိုင်းများ တည်ထောင်ဖို့ စီစဉ်နေပါတယ်။
ယူကရိန်းသမ္မတ ဇာလန်စကီးဟာ ဇူလိုင်လမှာ ဘန်းဟမ်ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် ဒေါင်းနင်းလမ်း (Downing Street) ကိုပထမဆုံးလာရောက်ခဲ့တဲ့ နိုင်ငံခြားခေါင်းဆောင် ဖြစ်ပါတယ်။




Comments