top of page

သရက်ချောင်းမြို့နယ်အတွင်းက နေအိမ် ၄၀ ခန့်ကို စစ်အုပ်စု မီးရှို့ဖျက်ဆီး

  • Writer: BVJ
    BVJ
  • 10 hours ago
  • 1 min read

BVJ/ဇော်-စက်တင်ဘာ ၈၊ ၂၀၂၅

ree

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင်းကကျေးရွာတွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံနေအိမ် အလုံး (၄၀)ခန့် ပျက်ဆီးခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)က ဒီနေ့ စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။


မနေ့က စက်တင်ဘာ ၇ ရက်နေ့ မနက်ပိုင်းမှာ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က သရက်ချောင်းမြို့နယ်ထဲက သင်းကျွန်းရွာနဲ့ ရန်တောင်ကျေးရွာကိုဖြတ်သွားပြီး မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


“မီးရှို့ဖျက်ဆီးတာကတော့ ရန်တောင်ရွာနဲ့ သင်းကျွန်းရွာပါ။ ရန်တောင်ရွာနဲ့သင်းကျွန်းရွာက ရွာချင်းကပ်လျက်ပေါ့နော်။ ထားဝယ်-မြိတ် ကားလမ်းမကြီးပေါ်မှာရှိတာပါ။ မီးရှို့တာကတော့ ရန်တောင်ရွာမှာကတော့ ၂၈ လုံး၊ ၂၉ လုံး အဲ့ဒီဝန်းကျင်လောက်ရှိပါတယ်။ အတိအကျတော့ မသိပါဘူး။ သင်းကျွန်းရွာကတော့ အတိအကျသိတယ်။ နေအိမ် (၈) လုံးအရှို့ခံရတာပါ။ အင်အားကတော့ (၁၀၀) ဝန်းကျင်လောက်ရှိပါတယ်။ သူတို့က တခြားနေရာကိုစစ်ကြောင်းထိုးပြီးတော့ ပြန်ထွက်လာတာ။ အဲ့ဒီ ရွာနှစ်ရွာကိုဖြတ်တာပေါ့နော်။ ဖြတ်တဲ့နေရာမှာ အဲ့ဒီရွာတွေနားမရောက်ခင် တိုက်ခိုက်ခံရတယ်။ တိုက်ခိုက်ခံရတဲ့နေရာနဲ့ အနီးဆုံးမှာရှိတဲ့ အဲ့ရွာနှစ်ရွာကိုဘာမှမဆိုင်ဘဲ ပြည်သူတွေနေအိမ်ကို မီးရှို့ဖျက်ဆီးသွားတာပါ”လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ ပြန်ကြားရေးတာဝန်ခံ ကိုဘွန်းက Burma VJ ကိုပြောပါတယ်။

ree

မိုးရွှေကုန်းကျေးရွာနဲ့အနီးတဝိုက်ကို စစ်ကြောင်းထိုးပြီးပြန်ထွက်လာတဲ့ စစ်ကောင်စီတပ်ဟာ ရေတောင်ရွာနဲ့သင်းကျွန်းရွာကိုမီးရှို့ဖျက်ဆီးပြီးနောက် သရက်နှစ်ခွကျေးရွာဘက်ကိုထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။


မီးရှို့ဖျက်ဆီးခံရတဲ့ ကျေးရွာပြည်သူတွေအနေနဲ့ နေစရာမရှိတော့တဲ့အတွက် နီးစပ်ရာမှာလိုက်လံခိုလှုံနေရပြီး ထမင်းချက်စားဖို့ဆန်တောင်မကျန်တော့အောင် မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ကိုဘွန်းကပြောပါတယ်။


ဒါ့အပြင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးခဲ့တဲ့ မိုးရွှေကုန်းကျေးရွာ၊ စော်ဖျားကျေးရွာနဲ့ ဥတ္တူကျေးရွာတို့မှာလည်း ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်နေ့ကနေ ၂၅ ရက်အတွင်းမှာ ဒေသခံနေအိမ် (၅၀)လုံးကျော်ကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ စစ်ကောင်စီတပ်ရဲ့ အခုလိုမီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာ ရည်ရွယ်ချက်ရှိရှိနဲ့အပြစ်မဲ့ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကိုဖျက်လိုဖျက်ဆီးလုပ်တဲ့လုပ်ရပ်ဖြစ်တယ်လို့ DDMSC ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ree

၂၀၂၁ခုနှစ်နောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ကိုင်း၊မကွေး၊မန္တ လေး၊ပဲခူး၊ တနင်္သာရီတိုင်း တိုင်းဒေသ ၆ ခုအတွင်း မြို့နယ်၇၇ခုရှိ ကျေးရွာ ၂၇၇၅ရွာက အိမ်ခြေတစ်သိန်းသုံးသောင်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သြဂုတ်လ ၈ ရက်နေ့ကထုတ်ပြန်တဲ့ NUGကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page