သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးကိုရိုက်နှက်ပြီး နှစ်ပတ်ကြာတိုက်ပိတ်ထား
- BVJ

- Jul 18
- 1 min read
BVJ/ဇော် - ဇူလိုင် ၁၈ ၊ ၂၀၂၅

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးရိုက်နှက်ခံရပြီး ဒီနေ့အထိ တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီနေ့ ဇူလိုင်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၆ ရက်နေ့ မနက်ပိုင်းမှာ သာယာဝတီအကျဉ်းထောင်အဆောင်မှူး ရုံးခန်းမှာ အလုပ်လုပ်နေတဲ့ အခြားအကျဉ်းသားတစ်ဦးနဲ့ရန်ဖြစ်ခဲ့တယ်လို့ စွပ်စွဲပြီး အကျဉ်းထောင်ဝန်ထမ်း ကိုစိုးမင်းဆိုသူက ရိုက်နှက်ခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသားကိုအောင်သူထက်ရဲ့ လက်မောင်းအဆစ် ပြုတ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဆေးဝါးကုသမှုကို ချက်ချင်းမပေးခဲ့ဘဲ အခြားနိုင်ငံရေးအကျဉ်းသားတွေ ဝိုင်းတောင်းဆိုမှသာ နေ့လယ် နှစ်နာရီခန့်မှာ ဆေးဝါးကုသမှုပေးခဲ့ပြီး ရိုက်နှက်ခံရသူ နိုင်ငံရေးအကျဉ်းသားကိုတိုက်ပိတ်ထားခဲ့တာ ဒီနေ့အထိဆို နှစ်ပတ်နီးပါးရှိလာပြီလို့လည်း သိရပါတယ်။
အကျဉ်းထောင်ဝန်ထမ်းကိုစိုးမင်းက အရင်တုန်းကလည်း ထောင်ပြောင်းရွှေ့လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ခဲ့တာကြောင့် တိုင်ကြားခံထားရတဲ့သူဖြစ်ပြီး အခုဖြစ်စဉ်မှာလည်း အကျဉ်းထောင်အာဏာပိုင်တွေဘက်က ကိုစိုးမင်းကို အခြားအရေးယူမှုတွေမလုပ်ခဲ့ဘဲ အပြင်ထွက်ခွင့်ပိတ်ခြင်းနဲ့ ထောင်တွင်းနေရာပြောင်းရွှေ့ခြင်းသာ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
“အကျဉ်းထောင်ဝန်ထမ်းကိုစိုးမင်းကို ရာထူးချတာမျိုးတော့မရှိခဲ့ဘဲ ထောင်တွင်းမှာပဲတာဝန်ပြန်ချပြီး ပြင်ပထွက်ခွင့်ကိုကန့်သတ်တာမျိုး အပြစ်ပေးတာပဲရှိပါတယ်။ သာယာဝတီထောင်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်တဲ့နေရာမှာ နာမည်ကြီးပါတယ်။ ထောင်ပိုင်ကအစ အောက်ခြေဝန်ထမ်းတွေအထိ နိုင်ငံရေးအကျဉ်းသားတွေကို ရန်သူလို သဘောထားဆက်ဆံတယ်၊ ကျင့်သုံးတယ်၊ ဖိနှိပ်တယ်၊ ဒါ့ကြောင့် သာယာဝတီထောင်ဟာ နိုင်ငံရေးအကျဉ်းသားတွေအတွက်တော့ ငရဲခန်းတစ်ခုလို့ ပြောလို့ရနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေဟာ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် အတတ်နိုင်ဆုံးတော့ ရသလောက် ကြံ့ကြံ့ခိုင်ပြီး ရင်ဆိုင်ဖြတ်သန်းလျက် ရှိတယ်လို့တော့ ပြောချင်ပါတယ်” လို့ PPNMတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုသိုက်ထွန်းဦးက Burma VJ ကိုပြောပါတယ်။
အခုလို ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်နေပေမယ့် ထိုက်သင့်တဲ့အရေးယူမှုမပြုလုပ်ဘဲ လျစ်လျူရှုထားတာတွေလုပ်နေတာကြောင့် အကျဉ်းထောင်ဝန်ထမ်းတွေအနေနဲ့ ဖိနှိပ်မှု၊ ရိုက်နှက်မှုတွေ ပိုမိုကျူးလွန်နေတာဖြစ်တယ်လို့လည်း PPNM က သုံးသပ်ထားပါသေးတယ်။
“အခုနှစ်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်ခံရတဲ့အရေအတွက်က လတ်တလောစာရင်းရရှိမှု အချက်အလက်အရဆိုရင် အနည်းဆုံး ၂၀၀ ဝန်းကျင်လောက် ရိုက်နှက်ခံရတဲ့ အခြေအနေဖြစ်ပါတယ်။ ထောင်ပြောင်းတွေရိုက်နှက်ခံရတဲ့ကိစ္စရပ်တွေကိုပါ ထည့်တွက်ထားတာဖြစ်ပါတယ်။ ထောင်တွင်းရိုက်နှက်ခံထားရတာတွေရောဆို စုစုပေါင်း ၂၀၀ ဝန်းကျင်ဖြစ်တယ်။ ဖြစ်စဉ်အားဖြင့်ဆိုရင် မကွေးထောင်ပြောင်းဖြစ်စဉ်မှာ ရိုက်နှက်ခံရတာ၊ မန္တလေးထောင်ပြောင်းဖြစ်စဉ်မှာ မုံရွာသပိတ် ဦးဆောင်ကောင်မတီဝင် တစ်ဦးဖြစ်တဲ့ ကိုဝေမိုးနိုင်ရိုက်နှက်ခံရတာ၊ သာယာဝတီထောင်မှာ ရိုက်နှက်ခံရတာနဲ့ အခြားထောင်တွေမှာ ရိုက်နှက်ခံရတာတွေပေါင်းမယ်ဆိုရင် ၂၀၀ ဝန်းကျင်ရှိပြီ ဖြစ်တယ်” လို့ ကိုသိုက်ထွန်းဦးက ဆက်လက်ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ကလည်း မုံရွာအကျဉ်းထောင်ကနေ မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်ကို ထောင်ပြောင်းရွှေ့ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားကိုဝေမိုးနိုင်ကို အကျဉ်းထောင်အာဏာပိုင်တွေက ရိုက်နှက်ခဲ့တာကြောင့် နဖူးကွဲဒဏ်ရာရရှိပြီး သွေးထွက်လွန်သတိမေ့မျောခဲ့ပေမယ့် ပါဆယ်၊ ထောင်ဝင်စာ ဧည့်တွေ့ခွင့်တွေကိုကန့်သတ်ထားကာ ခြေကျင်းခတ်ပြစ်ဒဏ်ပေး တိုက်ပိတ်ခဲ့တာလည်း ရှိနေပါသေးတယ်။
ပုံစာ-“အသက်တွေကို ပိတ်မထားနဲ့ဖွင့်ပေး” ဆိုသည့် ဓာတ်ပုံလှုပ်ရှားမှုကို ၂၀၂၄၊ အောက်တိုဘာလ ၉ ရက်တွင် PPNMက ပြုလုပ်ခဲ့ပုံ။







Comments